နေပြည်တော်၊ ဇွန် ၂၉ 
ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ ဝန်ထမ်းသားသမီးများ၏ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲ ဖြေဆိုအောင်မြင်သူများ ဆုပေးအပ်ချီးမြှင့်ခြင်းနှင့် ၂၀၂၄-၂၀၂၅ ပညာသင်နှစ် ပညာသင်ထောက်ပံ့ကြေးပေးအပ်ပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းက ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေး ဝန်ကြီးဌာန၊ ရုံးအမှတ် (၁) ၌ ကျင်းပသည်။ 
အခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော် ဒုတိယဝန်ကြီး၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယအမြဲတမ်းအတွင်းဝန်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် အရာထမ်း/ အမှုထမ်းများ၊ ကျောင်းသား၊ ကျောင်းသူများ၊ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာန ရုံးချုပ်နှင့်တိုင်းဒေသကြီး/ ပြည်နယ်ဦးစီးမှူးရုံးများမှ ဝန်ထမ်းများနှင့် ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ကြသည်။ 
 ဉီးစွာ ပြည်ထောင်စုဝန်ကြီးက ဝန်ထမ်းများ၏ သားသမီးများသည် နိုင်ငံ၏အနာဂတ်ဖြစ်သည့်နည်းတူ ပညာရေးသည်လည်း နိုင်ငံတော်၏ အနာဂတ်ဖြစ်သဖြင့် ဝန်ထမ်းများ၏ သားသမီးများကို ပညာတတ်လူငယ်များဖြစ်လာစေရန် ရည်ရွယ်၍ ထောက်ပံ့ပေးခြင်းဖြစ်ပါကြောင်း၊ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဝန်ထမ်းမိဘများက မိမိတို့၏ သား၊ သမီးများကို နိုင်ငံတော်အတွက် အားကိုးအားထား ပြုထိုက်သည့် လူငယ်များဖြစ်လာစေရေး ၊ နိုင်ငံတော်၏ ပုခုံးပြောင်းတာဝန်များကို လက်ဆင့်ကမ်းရယူနိုင်ရေး၊ နိုင်ငံတော်ကို ဦးဆောင်နိုင်သည့် ပညာတတ်လူငယ်များဖြစ်ပေါ်လာစေရေး၊ ပညာတတ်လူသားအရင်း အမြစ်များမွေးထုတ်ပေးနိုင်ရေး ဝိုင်းဝန်းဆောင်ရွက်ပေးကြစေလိုကြောင်း၊ ကျောင်းသား၊ ကျောင်းသူများ၏ ကြိုစားမှုရလဒ်များသည် မိဘများ၏ ဂုဏ်သိက္ခာဖြစ်သဖြင့် ကျောင်းပညာများကို ထူးချွန်အောင်ကြိုးစားသင်ယူကြစေလိုကြောင်းနှင့် နိုင်ငံ၏အခြေခံအကျဆုံးကဏ္ဍသည် ပညာရေးကဏ္ဍဖြစ်သဖြင့် “ပညာမြင့်မှ လူမျိုးတင့်မည်” ဆိုသော စကားနှင့်အညီ ပညာရေးဖြင့် နိုင်ငံ‌ရေး ၊ စီးပွားရေး၊ လူမှုရေး ကဏ္ဍများတွင် မြင့်မားတိုးတက်လာစေရေး ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ကြစေလိုကြောင်း ပြောကြားသည်။ 
ယင်းနောက် ပြည်ထောင်စုဝန်ကြီးက ၂၀၂၃-၂၀၂၄ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်း စာမေးပွဲတွင် လေးဘာသာဂုဏ်ထူးဖြင့် ထူးချွန်စွာအောင်မြင်ခဲ့သည့် မသီရိစန္ဒာဦး၊ နှစ်ဘာသာဂုဏ်ထူးဖြင့် ထူးချွန်စွာအောင်မြင်ခဲ့သည့် မောင်အောင်ခေတ်ပိုင်နှင့် တက္ကသိုလ်ဝင်တန်းတွင် နှစ်ချင်းပေါက်အောင်မြင်ခဲ့သည့် မောင်ဉာဏ်လင်းထွန်းတို့ကို ဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့်သည်။
ထို့နောက် ဒုတိယဝန်ကြီးနှင့်တာဝန်ရှိသူများက အထက်တန်း၊ အလယ်တန်းနှင့် မူလတန်းတို့တွင် ပညာသင်ကြားလျက်ရှိသော ကျောင်းသား၊ ကျောင်းသူများကို တစ်ဦးချင်း ပညာသင်ထောက်ပံ့ကြေးများ ပေးအပ်ချီးမြှင့်ခဲ့ပြီး ကျောင်းသား၊ ကျောင်းသူများကိုယ်စား လေးဘာသာဂုဏ်ထူးရှင် မသီရိစန္ဒာဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။ 
ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာနတွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်၌ တက္ကသိုလ်ဝင်တန်းကို ထူးချွန်စွာအောင်မြင်ခဲ့သည့် ကျောင်းသား၊ ကျောင်းသူ ၃ ဦး နှင့် ၂၀၂၄-၂၀၂၅ ပညာသင်နှစ်တွင် ပညာသင်ကြားလျက်ရှိသော ကျောင်းသား၊ ကျောင်းသူ ၂၁၂ ဦးတို့အတွက် စုစုပေါင်းပညာသင်ထောက်ပံ့ကြေး ငွေကျပ် ၁၀,၇၅၀,၀၀၀ ကို‌ ချီးမြှင့်ထောက်ပံ့ခဲ့ကြောင်း သိရသည်။
သတင်းစဉ်