နေပြည်တော်၊  ဖေဖော်ဝါရီ ၁၅

 

ရင်နှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန  လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို Hybrid စနစ်ဖြင့်  ဖေဖော်ဝါရီ ၁၄ ရက်မှ စတင်၍ နေပြည်တော်ရှိ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွား ဆက်သွယ်ရေး ဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပရာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော် တက်ရောက်၍ အဖွင့်အမှာစကား ပြောကြားသည်။  

 

ပြည်ထောင်စုဝန်ကြီးက နိုင်ငံတော်အစိုးရအနေဖြင့် နိုင်ငံတော်၏ ရှေ့လုပ်ငန်းစဉ် ၅ ရပ်နှင့် ဦးတည်ချက် ၉  ရပ်ကို ချမှတ်၍  လုပ်ငန်းစဉ်များကို စဉ်ဆက် မပြတ် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ မိမိတို့ဝန်ကြီးဌာနရှိ အရာထမ်း/ အမှုထမ်းများအားလုံးအနေဖြင့် စနစ်တကျ ပါဝင်ဆောင်ရွက်သွားရ မည်ဖြစ်ပါကြောင်း၊  မိမိတို့ဝန်ကြီးဌာနအနေဖြင့် အဓိက လုပ်ငန်းစဉ် ၂ ရပ် ဖြစ်သော ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း များနှင့် နိုင်ငံခြားစီးပွား ဆက်သွယ်ရေးလုပ်ငန်းများကို  အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် ဝန်ထမ်းများအနေဖြင့် စိတ်ဓါတ်သစ်၊ ခွန်အားသစ်များဖြင့် ပါဝင်ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ရင်းနှီး မြှုပ်နှံမှုများ မြှင့်တင်ရေး၊ သွင်းကုန်အစားထိုးရေး၊ ပို့ကုန်မြှင့်တင်ရေး၊ ပြည်တွင်း/ ပြည်ပ ဈေးကွက်ရရှိရေးနှင့် နိုင်ငံ့စီးပွား တိုးတက်ရေးအတွက် အဓိက မောင်းနှင်အားများ ဖြစ်ကြပါကြောင်း၊ နိုင်ငံတော်၏ စီးပွားရေး ဦးတည်ချက် ၃ ရပ်တွင်ပါဝင်သော စိုက်ပျိုးမွေးမြူရေးကဏ္ဍမြှင့်တင်ရေး၊ အငယ်စား၊  အသေးစားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ (MSMEs) ဖွံ့ဖြိုးတိုးတက်ရေး၊ ပို့ကုန်ကဏ္ဍမြှင့်တင်ရေးနှင့် ပြည်တွင်း စားသုံးဆီဖူလုံရေးကို နိုင်ငံတော်မှ အလေးထားဆောင်ရွက်လျက်ရှိပါကြောင်း၊ ထို့ကြောင့် MSME လုပ်ငန်းများ ကို အားပေးမြှင့်တင်ရန် လိုအပ်ပါကြောင်း

 

သက်ဆိုင်ရာ တိုင်းဒေသကြီး/ ပြည်နယ်များတွင် စိုက်ပျိုးရေးကို အခြေခံသည့် ကုန်ထုတ်လုပ်ငန်းများ တိုးတက်လာစေရေးအတွက် အရင်းအနှီး လိုအပ်သဖြင့် ပြည်တွင်း ရင်းနှီးမြှုပ်နှံမှုတိုးမြှင့်ရေးနှင့် ချောမွေ့စေရေး၊ ပို့ကုန်တိုးမြှင့်ရေးအတွက် စုစုပေါင်း သွင်းအားစုများ၏ ထုတ်လုပ်နိုင်မှုစွမ်းအား (Total Factor Productivity -TFP) လိုအပ်သဖြင့် နိုင်ငံတကာ၏ အရင်းအနှီးတည်ဆောက်မှု ပုံစံများကို လေ့လာပြီး နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ ဝင်ရောက်လာစေရန် ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ ပြည်တွင်း၌ ရှီပြီးဖြစ်သော အရင်းအနှီးနှင့်လုပ်ငန်းရှင်များ၊  စီးပွားရေးလုပ်ငန်းရှင်များ၊ ငွေကြေး တတ်နိုင်သူများအား ရင်းနှီးမြှုပ်နှံမှု အခွင့်အလမ်းများ ဖန်တီး ပေးပြီး ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ တွင်ပါဝင်လာစေရေးဆောင်ရွက်ရန် လိုအပ်ပါ ကြောင်း၊ နိုင်ငံတော်၏ မူဝါဒဖြစ်သော MSMEs လုပ်ငန်းများ တိုးတက်စေရေးအတွက် စွန့်ထွင်ဦးစီးသူများ (Entrepreneurs) ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း လုပ်ကိုင်လိုသူများ (Investors)နှင့် အရင်းအနှီး ရှိသူများ အကြား ချိတ်ဆက်ဆောင်ရွက်ပေးမည့် ကနဦးစတင်သည့်ဌာန (Start Up Center) ကို မိမိတို့ ဝန်ကြီးဌာနတွင် ဖွင့်လှစ်နိုင်ရေး ဆောင်ရွက်သွားရန် လိုအပ်ပါကြောင်း ပြောကြားသည်။

 

ထို့နောက် ဒုတိယဝန်ကြီး ဒေါက်တာဝါဝါမောင်က ဝန်ကြီးဌာနအနေဖြင့် ဆက်လက်ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များကို အကောင်အထည်ဖော်ရာတွင်ဝန်ကြီးဌာန၏ လုပ်ငန်းလမ်းညွှန် (Terms of Reference- TOR) နှင့် ချိတ်ဆက်၍  ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်အတွင်း အကောင်အထည် ဖော်ဆောင်ရွက်ခဲ့မှု အခြေအနေများနှင့် လာမည့်ဘဏ္ဍာနှစ်အတွင်း အကောင်အထည်ဖော် ဆောင်ရွက်မည့် လုပ်ငန်းစဉ်များနှင့် စပ်လျဉ်း၍ ရှင်းလင်းဆွေးနွေးသည်။

 

ယင်းနောက် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်က နှစ်နိုင်ငံ ပူးပေါင်း ဆောင်ရွက်မှုများ၊ အာဆီယံ အပါအဝင် ဒေသတွင်းပူးပေါင်းဆောင်ရွက်မှုများ၊ ကုလသမဂ္ဂနှင့် နိုင်ငံတကာ အဖွဲ့အစည်းများအကြား ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးလျက်ရှိသည့် အခြေအနေများ၊ ဖွံ့ဖြိုးမှု စီမံခန့်ခွဲရေးနှင့် ပူး‌ပေါင်းဆောင်ရွက်ရေး၊ နိုင်ငံခြားပညာသင်ကိစ္စရပ်များ ဆောင်ရွက်ပေးလျက်ရှိသည့် အခြေအနေများကို တင်ပြဆွေးနွေးခဲ့ပါသည်။ ဆက်လက်၍ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနမှ ညွှန်ကြား ရေးမှူးချုပ်က ပြည်တွင်း/ ပြည်ပ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ မြှင့်တင်ရေး ဆောင်ရွက်မှု အခြေအနေများ၊ ပြည်တွင်းစီးပွားရေးလုပ်ငန်းရှင်များ အရည်အသွေးပြည့်ဝစွာ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အားပေးကူညီ ဆောင်ရွက်မှုအခြေအနေများ၊ ဒေသတွင်းနှင့် နိုင်ငံတကာ စီးပွားရေးလုပ်ငန်းများ ပူးပေါင်းဆောင်ရွက်မှု အခြေအနေများ၊ အလားအလာရှိသည့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုကဏ္ဍများနှင့် နိုင်ငံသားရင်းနှီးမြှုပ်နှံမှုကဏ္ဍများ၊ ရင်းနှီးမြှုပ်နှံမှု တိုးမြှင့်ရေးအတွက် ဆက်လက်ဆောင်ရွက်မည့် အစီအစဉ်များနှင့် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ တွင် ကြုံတွေ့နေရ သည့် အခက်အခဲများနှင့်စပ်လျဉ်း၍ တင်ပြဆွေးနွေးသည်။

 

ထို့နောက်  ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနမှ တိုင်းဒေသကြီး/ ပြည်နယ် ဦးစီးမှူးများက တိုင်းဒေသကြီး/ ပြည်နယ်အလိုက် ဆောင်ရွက်လျက်ရှိသော ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများ၊ ရှေ့ဆက်လက် ဆောင်ရွက်မည့် အခြေအနေများနှင့်စပ်လျဉ်း၍ တင်ပြဆွေးနွေးကြသည်။

 

အဆိုပါ လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ ဒုတိယဝန်ကြီး၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယအမြဲတမ်း အတွင်းဝန်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ တိုင်းဒေသကြီး/ ပြည်နယ်ဦးစီးမှူးများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

(သတင်းစဉ်)