နေပြည်တော် မေ ၅ 

 

ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ ဝန်ထမ်းများ၏ လူ့စွမ်းအား အရင်းအမြစ် ဖွံ့ဖြိုးတိုးတက်စေရန်နှင့် ဝန်ထမ်းစွမ်းဆောင်ရည်မြှင့်တင်ရန် ရည်ရွယ်သည့် Knowledge Sharing Programme (KSP) သောကြာနေ့စကားဝိုင်း (Friday Talk) ၏ အမှတ်စဉ် (၁၁) ဆွေးနွေးပွဲကို ယနေ့မွန်းလွဲပိုင်းတွင် ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေး ဝန်ကြီးဌာန၊ ရုံးအမှတ်(၁) ၌ ကျင်းပသည်။

 

ဉီးစွာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော်က ယနေ့ကျင်းပပြုလုပ်သည့် အသိပညာမျှဝေ ဆွေးနွေးပွဲတွင် ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဒေါက်တာ ဝဏ္ဏအောင်က “ရင်းနှီးမြှုပ်နှံမှုမြှင့်တင်ရေး လုပ်ငန်းစဉ်မျာအပေါ် လေ့လာသုံးသပ်ဆွေးနွေးခြင်း” ခေါင်းစဉ်ဖြင့် ဆွေးနွေးပြောကြားမည်ဖြစ်ကြောင်း၊ ရင်းနှီးမြှုပ်နှံမှုမြှင့်တင်ရေး လုပ်ငန်းစဉ်များသည် ဝန်ကြီးဌာနရှိ ဦးစီးဌာန (၂) ခုလုံးနှင့် သက်ဆိုင်ပါကြောင်း၊ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ စေ့စပ်ညှိနှိုင်းဆောင်ရွက်ခြင်း (Investment Negotiation) များကို သိရှိဆောင်ရွက်ရမည့်အပြင် ရင်းနှီးမြှုပ်နှံမှုများ နှင့်ပက်သတ်၍ တိုးချဲ့ဆောင်ရွက်သွားရမည့် အပိုင်းကိုလည်း သိရှိနားလည်ထားရန်လိုအပ်ပါကြောင်း၊ ရင်းနှီးမြှုပ်နှံမှုတွင် နိုင်ငံ၊ လုပ်ငန်း၊ ကုမ္ပဏီများတွင် လာရောက်ရင်းနှီးမြှုပ်နှံမှုများက ပို၍အရေးကြီးပါကြောင်း၊ ယနေ့ကမ္ဘာပေါ်တွင် ခေတ်စား လာသည့် လုပ်ငန်းမှာ နိုင်ငံတကာ ရင်းနှီးမြှုပ်နှံမှုလုပ်ကိုင်ဆောင်ရွက်သည့် လုပ်ငန်းများဖြစ်ပါကြောင်း၊   ရင်းနှီးမြှုပ်နှံမှုတွင် အဓိကအားဖြင့် ပြည်တွင်းနေထိုင် သူများမှ ပြည်တွင်းရင်းနှီးမြှုပ်နှံမှု၊ နိုင်ငံခြားသား လာရောက်ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားသားနှင့် ပြည်တွင်းရင်းနှီး မြှုပ်နှံမှုများဖြင့် ဖက်စပ်ရင်းနှီးမြှုပ်နှံ မှုပုံစံများရှိပါကြောင်း၊ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများတွင် ချေးငွေကိစ္စများ ပါဝင်သဖြင့် ချေးငွေထောင်ချောက် အတွင်း မကျရောက်စေရန် ဂရုပြုရန်လိုကြောင်း ပြောကြားသည်။

 

ဆွေးနွေးပွဲ အခမ်းအနားတွင် ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဒေါက်တာဝဏ္ဏအောင် က “ရင်းနှီးမြှုပ်နှံမှုမြှင့်တင်ရေး လုပ်ငန်းစဉ်မျာအပေါ် လေ့လာသုံးသပ်ဆွေးနွေးခြင်း” ခေါင်းစဉ်ဖြင့် အသေးစိတ် ရှင်းလင်းဆွေးနွေးပြောကြားရာ တက်ရောက်လာကြသူများက ပြန်လည် မေးမြန်းဆွေးနွေးကြသည်။

 

အခမ်းအနားသို့ နိုင်ငံခြားစီးပွားဆက်သွယ်ရေးဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ အဆင့်မြင့် အရာရှိများနှင့် အရာထမ်း၊ အမှုထမ်းများ Online မှလည်း တက်ရောက်ကြသည်။

(သတင်းစဉ်)