နေပြည်တော် ဇူလိုင် ၂၁
ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၏ ၂၀၂၃ ခုနှစ်၊ မိုးရာသီသစ်ပင် စိုက်ပျိုးပွဲနှင့် ငါးမျိုးစိုက်ထည့်ခြင်းအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ရုံးအမှတ်(၁)ရှိ သတ်မှတ်နေရာ၌ ကျင်းပသည်။
အခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော်၊ ဒုတိယဝန်ကြီး ဒေါက်တာဝါဝါမောင်၊ နိုင်ငံခြား စီးပွားဆက်သွယ်ရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယအမြဲတမ်းအတွင်းဝန်၊ ဒုတိယညွှန်ကြားရေး မှူးချုပ်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် ဝန်ထမ်းများ တက်ရောက်ကြသည်။
ယနေ့ကျင်းပသည့် သစ်ပင်စိုက်ပျိုးပွဲနှင့် ငါးမျိုးစိုက်ထည့်ခြင်း အခမ်းအနားသည် နိုင်ငံတော်၏ သစ်တော သယံဇာတများ ရေရှည်တည်တံ့စေရန်၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရန်၊ အဖိုးတန်ဂေဟစနစ်များ မပျောက်ပျက်အောင် စောင့်ရှောက်နိုင်ရန်နှင့် ရုံးပတ်ဝန်းကျင် စိမ်းလန်းသာယာလှပစေရန် အဓိက ရည်ရွယ်ဆောင်ရွက်ခြင်းဖြစ်သည်။
အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးနှင့် ဒုတိယဝန်ကြီးတို့က ရတနာတန်းဝင် ကျွန်းပင်များကို ဦးဆောင် စိုက်ပျိုးပေးကြပြီး ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယအမြဲတမ်းအတွင်းဝန်နှင့် ဒုတိယညွှန်ကြားရေးမှူးချုပ်များက သတ်မှတ်နေရာများတွင် ကျွန်းပင်များကို စိုက်ပျိုးပေးကြသည်။
ထို့နောက် ဌာနဆိုင်ရာတာဝန်ရှိသူများက သတ်မှတ်နေရာများတွင် စုပေါင်းသစ်ပင်စိုက်ပျိုးကြရာ ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများက လှည့်လည်ကြည့်ရှု အားပေးကြသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးသည် ဒုတိယဝန်ကြီး၊ ညွှန်ကြားရေးမှူးချုပ်၊ အရာထမ်း အမှုထမ်း များနှင့်အတူ ငါးသားပေါက်ကောင်ရေ စုစုပေါင်း ၁၀,၀၀၀ ကို ဝန်ကြီးဌာနရှိ ရေကန်အတွင်းသို့ ငါးမျိုး စိုက်ထည့်ပေးကြသည်။
ယနေ့ကျင်းပသည့် ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၏ မိုးရာသီ သစ်ပင် စိုက်ပျိုးပွဲတွင် ရတနာတန်းဝင် ကျွန်းပျိုးပင် စုစုပေါင်း ၁၃၆ ပင်ကို စိုက်ပျိုးခဲ့ကြကြောင်း သိရသည်။
(သတင်းစဉ်)