နေပြည်တော် ဖေဖော်ဝါရီ ၁၆

ရင်နှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၏ (၁/၂၀၂၄) ကြိမ်မြောက် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို Hybrid စနစ်ဖြင့်  ဆက်လက်ကျင်းပရာ ရင်းနှီးမြှုပ်နှံမှု နှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနမှ တိုင်းဒေသကြီးနှင့် ပြည်နယ် ဦးစီးမှူးများက တိုင်းဒေသ ကြီးနှင့် ပြည်နယ်အလိုက် ဆောင်ရွက်လျက်ရှိသော ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ၊ ဆက်လက်ဆောင်ရွက်မည့် အခြေအနေများနှင့်စပ်လျဉ်း၍ တင်ပြဆွေးနွေးကြသည်။

အစည်းအဝေးတွင် ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူးချုပ်က မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု မျှော်မှန်းချက်နှင့်စပ်လျဉ်း၍ အလား အလာရှိသော နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ၊ မြန်မာနိုင်ငံသားရင်းနှီးမြှုပ်နှံမှု ကဏ္ဍများနှင့် ပတ်သက်၍ တင်ပြဆွေးနွေးသည်။

ယင်းနောက် ဒုတိယဝန်ကြီးက နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် မိမိတို့၏လုပ်ငန်းတာဝန်များ ကို ကြိုးပမ်းအားထုတ်ဆောင်ရွက်ရေး၊ ဖွံ့ဖြိုးမှုအတွေးခေါ်၊ ဒေသဆိုင်ရာဖွံ့ဖြိုးမှု အတွေးခေါ်များကို ဝန်ထမ်းများသိရှိထားရန်လိုအပ်ပြီး  မိမိတို့၏ဌာနကို ပြန်လည်ဆန်းစစ်ရေးနှင့် ပြုစုပျိုးထောင်ရေးတို့နှင့်စပ်လျဉ်း၍ ဖြည့်စွက်ဆွေးနွေးသည်။

ထို့နောက် ရင်နှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာကံဇော် က  စီမံကိန်းများဆောင်ရွက်ရာ၌ လက်တွေ့အကောင်အထည် ဖော်နိုင်မည့် စီမံကိန်းများကို ရေးဆွဲဆောင်ရွက်ရေး၊ ရင်းနှီးမြှုပ်နှံမှုအစီအစဉ်(Investment Plan) များရေးဆွဲရာတွင် အမျိုးသားစီမံကိန်း (National Plan )၊ ဒေသန္တရစီမံကိန်း (Regional Plan) တို့နှင့် ချိတ်ဆက်ရေးဆွဲရန် လိုအပ်ကြောင်း၊ ရင်းနှီးမြှုပ်နှံမှု ဆွဲဆောင်ရာတွင် ငွေရင်း၊ ပစ္စည်း၊ နည်းပညာမြှုပ်နှံသူများကိုပါ စည်းရုံးဆွဲဆောင်ရန်လိုအပ်ကြောင်း၊ နိုင်ငံဖွံ့ဖြိုးတိုးတက်စေရေး၊ ရင်းနှီးမြှုပ်နှံမှုများ ပိုမိုဝင်ရောက်လာစေရေးအတွက်  တာဝန်ရှိအရာထမ်း၊ ဝန်ထမ်းများအားလုံး အားသွန်ခွန်စိုက် ကြိုးပမ်းဆောင် ရွက်စေလိုကြောင်း ပြောကြားသည်။

မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် “ဖွံ့ဖြိုးဆဲနိုင်ငံများအတွက် နိုင်ငံတကာဖွံ့ဖြိုးတိုး တက်မှု ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ ဆွေးနွေးပွဲ” ခေါင်းစဉ်ဖြင့်  အတွေ့အကြုံများ မျှဝေသည့်  သောကြာနေ့ စကားဝိုင်းအမှတ်စဉ် (၄၆) ဆွေးနွေးပွဲသို့ တက်ရောက် အမှာစကား ပြောကြားရာတွင် နိုင်ငံတကာပူးပေါင်းဆောင်ရွက်ရေးနှင့်စပ်လျဉ်း၍ ဖွံ့ဖြိုးဆဲနိုင်ငံများအနေဖြင့် အကူအညီအထောက် အပံ့ များလိုအပ်လျက်ရှိကြောင်း၊ ကမ္ဘာ့နိုင်ငံများနှင့် ပူးပေါင်းဆောင်ရွက်ရေး အစီအစဉ်များနှင့် ဆွေးနွေးပွဲများ ပြုလုပ်လျှက်ရှိကြောင်း၊  ယနေ့ အသိပညာမျှဝေဆွေးနွေးပွဲမှ တရုတ်-မြန်မာ ပူးပေါင်းဆောင်ရွက်မှု၏ အကျိုးသက်ရောက်မှုများကို မျှဝေဆွေးနွေးသွားမည်ဖြစ်သဖြင့် တက်ရောက်လာသူများအနေဖြင့် စနစ်တကျပါဝင် ဆွေးနွေးသွားကြစေလိုကြောင်း တိုက်တွန်း ပြောကြားသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးရုံး ဒုတိယညွှန်ကြားရေးမှူး ဒေါ်ချိုဇာလှိုင်း က တရုတ်နိုင်ငံ တွင် တက်ရောက်ခဲ့သည့် “ဖွံ့ဖြိုးဆဲနိုင်ငံများအတွက် နိုင်ငံတကာဖွံ့ဖြိုးတိုးတက်မှု ပူးပေါင်း ဆောင်ရွက်ရေးဆိုင်ရာ ဆွေးနွေးပွဲ”  ခေါင်းစဉ်ဖြင့် အသေးစိတ် ရှင်းလင်းဆွေးနွေး ပြောကြားသည်။

ထို့နောက် ဒုတိယဝန်ကြီးက ဖွံ့ဖြိုးမှုပူးပေါင်းဆောင်ရွက်ရေးတွင် ပါဝင်ဆောင်ရွက်မှုများနှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံအလိုက် National Agenda များကို  Global Development Agenda များနှင့် ချိတ်ဆက်ဆောင်ရွက်ရန် လိုအပ်ကြောင်း ဖြည့်စွက်ဆွေးနွေးရာ တက်ရောက်လာကြသူများက သိရှိလိုသည်များကို ဆွေးနွေးမေးမြန်းခဲ့ကြကြောင်း သိရှိရသည်။

သတင်းစဉ်