နေပြည်တော် ၂၄ ဇွန်
ပြည်သူ့အတွက် စတုတ္ထ (၁) နှစ်တာကာလအတွင်း ဆောင်ရွက်ခဲ့မှုများနှင့် ပတ်သက်သည့် စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနနှင့် ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာနတို့၏ သတင်းစာရှင်းလင်းပွဲကို ယနေ့မွန်းလွဲ ၁ နာရီတွင် နေပြည်တော်ရှိ ပြန်ကြားရေးဝန်ကြီးဌာနအစည်း အဝေးခန်းမ၌ ကျင်းပသည်။
ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၏ ပြည်သူ့အတွက် စတုတ္ထ(၁)နှစ်တာကာလအတွင်း ဆောင်ရွက်ခဲ့မှုနှင့်စပ်လျဉ်း၍ အမြဲတမ်း အတွင်းဝန် ဦးအောင်နိုင်ဦး က ပထမဦးဆုံးအနေဖြင့် ကုမ္ပဏီနှင့် ပတ်သက်သည့် ကိစ္စများကို တင်ပြလိုပါကြောင်း၊ အားလုံးသိပြီးဖြစ်သည့်အတိုင်း ပြီးခဲ့သည့် ၂၀၁၈ ခုနှစ် ဩဂုတ်လ ၂၁ ရက်ကစပြီး မိမိတို့၏ ကုမ္ပဏီဉပဒေသစ်ကို စတင်ကျင့်သုံးခဲ့ပါကြောင်း၊ ကုမ္ပဏီဉပဒေသစ် စတင်ကျင့်သုံးသည်နှင့် တစ်ဆက်တည်းတွင် အီလက်ထရောနစ် မှတ်ပုံတင်စနစ်ဖြစ်သည့် MyCO ကို တစ်နိုင်ငံလုံးတွင် ကျင့်သုံးခဲ့ပါကြောင်း၊ ကျင့်သုံး ခဲ့သည့်အတွက် ကုမ္ပဏီမှတ်ပုံတင်လုပ်ငန်းများသည် များစွာသက်သာလွယ်ကူသွားပါကြောင်း၊ ကုန်ကျစရိတ်များလည်း များစွာသက်သာသွားပါကြောင်း။
ထို့ပြင် အကျိုးရလဒ်အနေဖြင့် ၂၀၁၈ ခုနှစ် ဩဂုတ်လ ၂၁ ရက် မတိုင်မီ မှတ်ပုံတင် ခဲ့သည့် ကုမ္ပဏီအဟောင်းများ ပြန်လည်မှတ်ပုံတင်ခြင်း ၄၆၃၃၇ ခုရှိခဲ့ပါကြောင်း၊ ဇွန်လ ၁၉ ရက်အထိ ကုမ္ပဏီဉပဒေသစ်နှင့် ပြန်လည်မှတ်ပုံတင်သည့် ကုမ္ပဏီပေါင်း ၃၁၁၇၅ ခုရှိခဲ့ပါကြောင်း၊ ထို့ကြောင့် ဇွန်လ ၁၉ ရက်အထိ မှတ်ပုံတင်ထားသည့် ကုမ္ပဏီပေါင်း ၇၇၅၅၂ ခုရှိပါကြောင်း။
ကုမ္ပဏီဉပဒေသစ် ပြဌာန်းသည့်အခါ လုပ်ငန်းများ ရိုးရှင်းလွယ်ကူအောင် ဆောင်ရွက်ရပါကြောင်း၊ တစ်ဆက် တည်းမှာပင် ကုမ္ပဏီဉပဒေကို လိုက်နာကျင့်သုံးရမည့် ကုမ္ပဏီများအနေဖြင့် အခက်အခဲများ တတ်နိုင်သမျှ လျော့နည်းသွားအောင် ဆောင်ရွက်ပေးပါကြောင်း။
ထိုသို့ ဆောင်ရွက်ပေးခဲ့သည့်အတွက် ပြီးခဲ့သည့်နှစ် ကမ္ဘာ့ဘဏ်မှ ထုတ်ပြန်ခဲ့သည့် စီးပွားရေးလုပ်ငန်းလုပ်ဆောင်ခြင်းအစီရင်ခံစာ(၂၀၂၀) တွင် မိမိတို့နိုင်ငံ၏ အဆင့်သည် စီးပွားရေးလုပ်ငန်းစတင်ခြင်း ခေါင်းစဉ်အောက်တွင် အညွှန်းကိန်းအဆင့် ၇၀ ကို ရောက်ရှိ ခဲ့ပါကြောင်း၊ မိမိတို့ နိုင်ငံသည် ၂၀၁၄ ခုနှစ်ကစပြီး ကမ္ဘာ့ဘဏ်၏ စီးပွားရေး လုပ်ငန်း စတင်ခြင်းအစီရင်ခံစာတွင် ထည့်သွင်းအကဲဖြတ်ခြင်းတွင် ပါဝင်သည့် နိုင်ငံတစ်ခုဖြစ်ပါ ကြောင်း၊ စတင်အကဲဖြတ်သည့်နှစ် ၂၀၁၄ ခုနှစ်တွင် မိမိတို့နိုင်ငံသည် နောက်ဆုံး အဆင့် ၁၈၉၊ အကဲဖြတ်နိုင်ငံ ၁၈၉ နိုင်ငံအဆင့်မှ စတင်ခဲ့ရခြင်းဖြစ်ပါကြောင်း၊ ထိုကြောင့် မိမိတို့ နိုင်ငံသည် နောက်ဆုံးကနေ စတင်ခဲ့ရသည့် နိုင်ငံတစ်ခုဖြစ်ပါကြောင်း၊ ယခုကုမ္ပဏီ ဉပဒေပြဌာန်းပြီး သိသာသည့် ရလဒ်များရရှိခဲ့ခြင်းဖြစ်ပါကြောင်း။
ဆက်လက်၍ ရင်းနှီးမြှုပ်နှံမှုနှင့် ပတ်သက်သည့် အခြေအနေ အကျဉ်းကိုလည်း ရှင်းလင်းတင်ပြလိုပါကြောင်း၊ ယခုနှစ် ဇွန် ၂၃ ရက်အထိ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုနှင့် ပတ်သက်သည့် လုပ်ငန်းပေါင်း ၁၈၉ ခုကို MIC မှ ခွင့်ပြုမိန့် ထုတ်ပြန်ပေးနိုင်ခဲ့ပါကြောင်း၊ အဆိုပါ လုပ်ငန်းများမှ ရင်းနှီးမြှုပ်နှံမည့် ရင်းနှီးမြှုပ်နှံမှု ပမာဏသည် အမေရိကန်ဒေါ်လာ ၄၃၀၇ သန်းဖြစ်ပါကြောင်း၊ လက်ရှိအခြေအနေအထိ အမေရိကန်ဒေါ်လာ ၄ ဒဿမ ၃ ဘီလီယံခန့် MIC မှ ခွင့်ပြုမိန့် ထုတ်ပေးထားပြီးဖြစ်ပါကြောင်း။
မြန်မာနိုင်ငံသားများ ရင်းနှီးမြှုပ်နှံမှုအခြေအနေကိုလည်း တင်ပြလိုပါကြောင်း၊ ၂၀၂၀ ခုနှစ် ဇွန် ၂၃ ရက်အထိ တစ်နှစ်တာကာလအတွင်း မြန်မာနိုင်ငံသား ရင်းနှီးမြှုပ်နှံမှု ၈၇ ခု ရှိပါ ကြောင်း၊ အဆိုပါ ၈၇ ခုမှ ခွင့်ပြုလိုက်သည့် ငွေပမာဏသည် ငွေကျပ် ၁ ဒသမ ၃၇ ထရီလီယံ ဖြစ်ပါကြောင်း။
ဆက်လက်၍ နိုင်ငံခြားစီးပွားဆက်သွယ်ရေးဦးစီးဌာန၏ ဆောင်ရွက်မှုများနှင့် စပ်လျဉ်း၍ တင်ပြလိုပါကြောင်း၊ နိုင်ငံခြားစီးပွားဆက်သွယ်ရေးဦးစီးဌာနသည် ကုလသမဂ္ဂ နှင့် ပတ်သက်၍ ပူးပေါင်းဆောင်ရွက်သည့် ကိစ္စရပ်များကို တာဝန်ယူ ဆောင်ရွက်ပါကြောင်း၊ ဉပမာအားဖြင့် UNDP ၊ UNICEF ၊ UNFPA ၊ FAO ၊ WFP စသည့် ကုလသမဂ္ဂ အဖွဲ့အစည်းများနှင့် ပတ်သက်၍ ပူးပေါင်းဆောင်ရွက်သည့် လုပ်ငန်းများကို အဆိုပါ ဦးစီးဌာနအနေဖြင့် တာဝန်ယူဆောင်ရွက်ပါကြောင်း၊ ၂၀၁၈ ခုနှစ်က စပြီး ၂၀၂၂ ခုနှစ်အထိ ငါးနှစ်တာကာလအတွင်း မြန်မာနိုင်ငံနှင့် ကုလသမဂ္ဂအဖွဲ့အစည်းများ ပူးပေါင်း ဆောင်ရွက် မည်များကို လုပ်ငန်းစဉ် အစီအစဉ်များရေးဆွဲ၍ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါကြောင်း၊ ကုလသမဂ္ဂအဖွဲ့အစည်းများနှင့် ပတ်သက်သည့် ငါးနှစ်တာ စီမံကိန်း(၂၀၁၈-၂၀၂၂) သည် အမေရိကန်ဒေါ်လာ သန်းပေါင်း ၈၂၂ သန်းကျော်ရှိပါ ကြောင်း။
ဆက်လက်ပြီး နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှုများတွင် သိသာထင်ရှားသည့် လုပ်ငန်း များကို တင်ပြရမည်ဆိုပါက တရုတ်နိုင်ငံနှင့် စီးပွားရေးနှင့်ကုန်သွယ်ရေး ပူးပေါင်း ဆောင်ရွက်မှု ငါးနှစ်တာနားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးထားပြီး တရုတ်မှ ယွမ်ငွေ သန်းတစ်ထောင် ကူညီပေးရမည့်အစီအစဉ်ကို ၂၀၁၉ ခုနှစ် ဧပြီလ အတွင်းက လက်မှတ်ရေးထိုး ဆောင်ရွက်လျက်ရှိပါကြောင်း၊ ပြီးခဲ့သည့် တရုတ်သမ္မတ၏ ခရီးစဉ်တွင် လည်း စာချုပ်နှင့်နားလည်မှု စာချွန်လွှာ စုစုပေါင်း ၃၃ ခု လက်မှတ်ရေးထိုးပြီး အပြန်အလှန်ပူးပေါင်း ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း။
ထို့ပြင် နိုင်ငံတော်သမ္မတ၏ ခရီးစဉ်အတွင်း တရုတ်အစိုးရမှလည်း မြန်မာနိုင်ငံကို ပြီးခဲ့သည့် သုံးနှစ်တာကာလအတွင်း ယွမ်သန်းလေးထောင် ကူညီပေးမည့် အစီအစဉ်ကို လည်း နှစ်ဖက်သဘောတူထားခြင်း ရှိပါကြောင်း။
ပြီးခဲ့သည့် ကိုရီးယားသမ္မတနိုင်ငံ သမ္မတ၏ ခရီးစဉ်တွင်လည်း ကိုရီးယားနိုင်ငံမှ မြန်မာနိုင်ငံကို အမေရိကန်ဒေါ်လာ သန်းတစ်ထောင် ချေးငွေပေးရန် မူဘောင်သဘောတူ ညီချက် လက်မှတ်ရေးထိုးထားပြီး ဖြစ်ပါကြောင်း၊ ထို့အတူ ဂျပန်နိုင်ငံမှလည်း ပေးထားသည့် အကူအညီများစွာရှိပါကြောင်း၊ မကြာမီကပင် ကိုဗစ်-၁၉ နှင့်ပတ်သက်၍ မြန်မာနိုင်ငံ ကို အကူအညီပေးရေးဆိုင်ရာ နားလည်မှုစာချွန်လွှာကို ဂျပန်နိုင်ငံသံအမတ်ကြီးနှင့် မိမိတို့ ဝန်ကြီးဌာနမှ ဒုတိယဝန်ကြီးတို့ဦးဆောင်ပြီး လက်မှတ်ရေးထိုးခဲ့ခြင်းများလည်း ရှိပါကြောင်း။
ထို့အတူ အီးယူအနေဖြင့်လည်း မိမိတို့နိုင်ငံကို လိုအပ်သည့် အကူအညီ အထောက်အပံ့များ ဆက်လက် ပေးအပ်လျက်ရှိပါကြောင်း၊ ပညာရေးကဏ္ဍအရည်အသွေး မြင့်မားရေး အတွက် အကူအညီငွေ ယူရိုသန်း ၂၂၁ သန်း ပေးအပ်ရန် လက်မှတ်ရေး ထိုးခြင်းကို ၂၀၁၉ ခုနှစ် မတ်လ ၂၁ ရက်တွင် ဆောင်ရွက်နိုင်ခဲ့ပါကြောင်း၊
တစ်ဆက်တည်းမှာပင် အာဆီယံနှင့် ပူးပေါင်းဆောင်ရွက်မှုများကိုလည်း ဆောင်ရွက်လျက်ရှိပါကြောင်း၊ အာဆီယံ၏ စီးပွားရေးမဏ္ဍိုင်အောက်တွင် ပူးပေါင်း ဆောင်ရွက်မှုများကို မြှင့်တင်ဆောင်ရွက်လျက်ရှိပါကြောင်း၊ ပြီးခဲ့သည့်နှစ် ထိုင်းနိုင်ငံမှ အာဆီယံဥက္ကဋ္ဌတာဝန်ယူစဉ်အတွင်း တစ်နှစ်အတွင်း အကောင်အထည်ဖော်မည့် လုပ်ငန်းစဉ် ၁၇၁ ခု ကို အာဆီယံနိုင်ငံအားလုံး သဘောတူညီခဲ့ပါကြောင်း၊ မြန်မာနိုင်ငံ အပါအဝင် အကောင်အထည်ဖော်ရမည့် လုပ်ငန်းစဉ်ပေါင်း ၁၆၇ ခု ရှိပါကြောင်း၊ မိမိတို့ နိုင်ငံမှ လုပ်ငန်းစဉ်ပေါင်း ၁၃၀ ကို အကောင်အထည်ဖော်ထားပြီး ဖြစ်ပါကြောင်း၊ ၃၇ ခု ဆက်လက်ဆောင်ရွက်ရန်ကျန်ရှိပြီး ၃၅ ခုသည် အာဆီယံဒေသတစ်ခုလုံးနှင့် အားလုံး ပေါင်းစပ်လုပ်ဆောင် ရမည် ဖြစ်သည့်အတွက် မြန်မာနိုင်ငံအနေဖြင့် လုပ်ဆောင်ရန်သည် ၂ ခုသာ ကျန်ရှိပါကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် အာဆီယံနှင့်လည်း တက်ကြွစွာပူးပေါင်း ဆောင်ရွက်လျက်ရှိပါကြောင်း။
အာဆီယံနှင့်ဆွေးနွေးဖက်နိုင်ငံများ ပူးပေါင်းဆောင်ရွက်မှုအပိုင်းတွင်လည်း ဒေသ တွင်းဘက်စုံစီးပွားရေးပူးပေါင်းဆောင်ရွက်မှု - RCEP နှင့် ပတ်သက်၍လည်း မြန်မာနိုင်ငံမှ တစိုက်မတ်မတ် ပူးပေါင်းဆောင်ရွက်ညှိနှိုင်းလျက်ရှိပါကြောင်း၊ RCEP သည် ကမ္ဘာပေါ် တွင် အကြီးမားဆုံးလွတ်လပ်သည့် ကုန်သွယ်မှုဒေသတစ်ခုဖြစ်လာမည်ဖြစ်ပြီး ကမ္ဘာ့ လူဦးရေ၏ ၄၇ ဒသမ ၄ ရာခိုင်နှုန်းသည် အဆိုပါ ကုန်သွယ်ရေးစနစ်ထဲတွင် ပါဝင်လာ မည်ဖြစ်ပါကြောင်း၊ ကမ္ဘာ့ GDP ၏ ၃၂ ဒသမ ၂ ရာခိုင်နှုန်း ရှိမည်ဖြစ်ပြီး ကမ္ဘာ့ကုန်သွယ် မှု၏ ၂၉ ဒသမ ၁ ရာခိုင်နှုန်းသည် RCEP ထဲတွင် ပါဝင်မည်ဖြစ်ပြီး နိုင်ငံခြားရင်းနှီးမြှုပ် နှံမှုကို ကြည့်မည်ဆိုပါကလည်း တစ်ကမ္ဘာလုံး ရင်းနှီးမြှုပ်နှံမှု၏ ၃၂ ဒသမ ၅ ရာခိုင်နှုန်းက RCEP ၏အောက်တွင် ရှိလာမည် ဖြစ်ပါကြောင်း။
မိမိတို့ ဝန်ကြီးဌာနအနေဖြင့် ကိုဗစ်-၁၉ ဖြစ်စဉ်ဖြစ်လာပြီး နောက်ပိုင်းတွင် နိုင်ငံတော်သမ္မတရုံး၏ တာဝန်ပေးချက်အရ ကိုဗစ်-၁၉ နှင့် ပတ်သက်၍ စီးပွားရေးနှင့် သက်ရောက်မှုများအပေါ် ပြန်လည်ကုစားရေးလုပ်ငန်းကော်မတီတွင် မိမိတို့ ဝန်ကြီးဌာန အနေဖြင့် အဓိကတာဝန်ယူဆောင်ရွက်ပေးပါကြောင်း၊ ပြည်ထောင်စုဝန်ကြီး ဦးသောင်းထွန်းမှ အဆိုပါလုပ်ငန်းကော်မတီတွင် ဥက္ကဋ္ဌအဖြစ် ပါဝင်ဆောင်ရွက် လျက်ရှိပါကြောင်း၊ အစည်းအဝေးများပုံမှန်ကျင်းပလျက်ရှိပြီး လိုအပ်သည့်နယ်ပယ်တွင် ဖြေလျော့မှုများ၊ ချေးငွေအထောက်အပံ့များ ၊ လုပ်ငန်းပိုင်းဆိုင်ရာ လိုအပ်သည့် ပြင်ဆင်ဆောင်ရွက်မှုများ ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ ယနေ့အထိ အစည်းအဝေးပေါင်း ၆ ကြိမ်ကျင်းပပြီး ဆုံးဖြတ်ချက်ပေါင်း ၇၈ခု ချမှတ်ပြီး စီးပွားရေး သက်ရောက်မှုများအပေါ် ပြန်လည်ကုစားရန် ဆောင်ရွက်လျက်ရှိပါကြောင်း။
ချေးငွေထုတ်ပေးသည့် အပိုင်းတွင်လည်း ယနေ့အထိ လုပ်ငန်းပေါင်း ၃၀၉၄ ခုကို ချေးငွေအနေဖြင့် ငွေကျပ် ၈၆ ဒသမ ၇၄ ဘီလီယံ ကို ချေးငွေများ ထုတ်ချေး ပေးထားပါကြောင်း၊ ကျန်ရှိသည့် လုပ်ငန်းများကိုလည်း ဆက်လက်စိစစ်ပြီး လိုအပ်သလို ထုတ်ပေးသွားမည့် အစီအစဉ်ရှိပါကြောင်း ရှင်းလင်း ပြောကြားသည်။
ထို့နောက် သတင်းမီဒီယာများက အစိုးရသစ်လက်ထက် တရုတ်နိုင်ငံ၏ ရင်းနှီး မြှုပ်နှံမှုပမာဏ၊ ရင်းနှီးမြှုပ်နှံမှုအများဆုံး ပြုလုပ်နေသည့် ကဏ္ဍ၊ OBOR စီမံကိန်းအခြေ အနေတို့နှင့်စပ်လျဉ်း၍ မေးမြန်းရာ ညွှန်ကြားရေးမှူးချုပ် ဦးသန့်စင်လွင်က အစိုးရသစ် လက်ထက်တွင် တရုတ်နိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှုမှာ နံပါတ် ၂ အဆင့်ရှိပါကြောင်း၊ နံပါတ် ၁ မှာ စင်ကာပူနိုင်ငံဖြစ်ပါကြောင်း၊ တရုတ်နိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှုမှာ အမေရိကန် ဒေါ်လာ ၁၈ ဘီလီယံဖြစ်ပြီး အများဆုံးရင်းနှီးမြှုပ်နှံထားသည့် လုပ်ငန်းများမှာ အထွေထွေ ကဏ္ဍဖြစ်ပြီး CMP လုပ်ငန်းများတွင် အများဆုံးရင်းနှီးမြှုပ်နှံ ထားပါကြောင်း၊ OBOR နှင့်စပ်လျဉ်း၍ ဝန်ကြီးဌာနသို့ Investment Proposal တင်ပြလာသည့် ပုံစံမျိုး မရှိပါကြောင်း၊ အခြားရင်းနှီးမြှုပ်နှံမှုပုံစံမျိုးဖြင့်သာ တင်ပြလာသည်များ ရှိပါကြောင်း၊ OBOR မှာ မိမိတို့ ဝန်ကြီးဌာနနှင့် ရင်းနှီးမြှုပ်နှံမှုကော်မရှင်မှ ကိုင်တွယ်ဆုံးဖြတ်ရသည့် ကိစ္စမဟုတ်ပါ ကြောင်း၊ စီမံကိန်း၊ဘဏ္ဏာရေးနှင့် စက်မှုဝန်ကြီးဌာနမှ ဦးဆောင် ဆောင်ရွက်သည့်ကိစ္စ ဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံကော်မရှင်အနေဖြင့် ရင်းနှီးမြှုပ်နှံမှု၏ မှတ်ပုံတင် မှုနှင့် တာဝန်ယူ၊တာဝန်ခံမှုအပေါ် ဆန်းစစ်ကာ နိုင်ငံတော်အတွက် သတ်မှတ်ထားသည့် အချက်အလက်များနှင့်ပြည့်စုံမှုရှိသည့် ရင်းနှီးမြှုပ်နှံမှုများကိုသာ ခွင့်ပြုရသည့်အတွက် OBOR နှင့်ဆက်စပ်ကာ လာရောက်ရင်းနှီးမြှုပ်နှံသည့်ကိစ္စများ တင်ပြလာခြင်းမရှိပါကြောင်း၊ အခြား ခေါင်းစဉ်ဖြင့်သာ တင်ပြလာခြင်းရှိပါကြောင်း ပြန်လည်ရှင်းလင်းသည်။
ဆက်လက်၍ သတင်းမီဒီယာများက ကိုဗစ်-၁၉ ဖြစ်ပွားမှုကြောင့် ရင်းနှီးမြှပ်နှံမှု တိုးတက်ရေး အစီအမံရေးဆွဲထားမှုအား ထိခိုက်မှုရှိ/မရှိ၊ ကိုဗစ်ကြောင့် ထိခိုက်မှုရှိသည့် စီးပွားရေးလုပ်ငန်းများအား ဝန်ကြီးဌာနမှ ပါဝင်ကူညီဆောင်ရွက်နေမှုနှင့် ယင်းအပေါ် ကုစားရန် အထူးစီမံချက်များ ရွေးဆွဲထားခြင်း ရှိ၊ မရှိ၊ စစ်ကိုင်းတိုင်းဒေသကြီး ဝန်းသို ဒေသတွင် Wuntho Resources Co. Ltd မှ ဆောင်ရွက်သည့် စီမံကိန်းအား MIC ကို တင်ပြမှုမရှိခဲ့ခြင်းနှင့် ၎င်းအပေါ် ဝန်ကြီးဌာန၏ သဘောထား၊ MIC ကို တင်ပြရန် လိုအပ်သည့် စီမံကိန်းအမျိုးအစား၊ ကိုဗစ်ကာလအတွင်း ဂျပန်နိုင်ငံအပါအဝင် နိုင်ငံတကာမှ ပံ့ပိုးကူညီပေးနေမှု၊ MIC ခွင့်ပြုချက်ဖြင့် ဆောင်ရွက်သည့် စီမံကိန်းများ အမှုအခင်း ဖြစ်ပွားပါက MIC အနေဖြင့် ဆောင်ရွက်နေမှု၊ သတ္တုတူးဖော်ရေး လုပ်ငန်းများ အပေါ် MIC မှ ခွင့်ပြုချက်ချထားပေးနိုင်မှု ရှိ/မရှိ၊ ယခုနှစ်ပိုင်းအတွင်း ကာကွယ်ရေးဝန်ကြီး ဌာနပိုင် မြေပေါ်တွင် စီမံကိန်းလုပ်ငန်း မည်မျှဆောင်ရွက်မည်ဟု MIC သို့ တင်ပြထားခြင်း ရှိ/မရှိ တို့နှင့်စပ်လျဉ်း၍ မေးမြန်းကြရာ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေး ဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးအောင်နိုင်ဦး နှင့်တာဝန်ရှိသူများက ပြန်လည်ရှင်း လင်းဖြေကြားကြသည်။
နိုင်ငံတော်အစိုးရ၏ ပြည်သူ့အတွက် စတုတ္ထ (၁) နှစ်တာကာလအတွင်း ဆောင်ရွက်ခဲ့မှုများနှင့် ပတ်သက်သည့် နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာန၊ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနနှင့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနတို့၏ သတင်းစာရှင်းလင်းပွဲကို ဇွန် ၂၇ ရက်တွင် ဆက်လက် ကျင်းပသွားမည်ဖြစ်သည်။
(ဟန်မျိုးစိုး၊ ကေတာ)


