နေပြည်တော် မတ် ၁၉
ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာနမှ ဝန်ထမ်းများအား ပြည်သူ့စစ်မှုထမ်း ဥပဒေနှင့် စပ်လျဉ်း၍ ရှင်းလင်းပြောကြားခြင်း အခမ်းအနားကို ယနေ့ ညနေပိုင်းတွင် နေပြည်တော် အဆိုပါ ဝန်ကြီးဌာန၌ ကျင်းပသည်။
အခမ်းအနားသို့ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော်၊ ဒုတိယဝန်ကြီး၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယအမြဲတမ်း အတွင်းဝန်နှင့် ဒုတိယ ညွှန်ကြားရေးမှူးချုပ်များ၊ အရာထမ်း/အမှုထမ်းများ၊ မိသားစုဝင်များ တက်ရောက်ကြပြီး ရင်းနှီး မြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန ရုံးချုပ်နှင့် တိုင်းဒေသကြီး/ပြည်နယ် ဦးစီးမှူးရုံးများမှ အရာထမ်း/အမှုထမ်းများက အွန်လိုင်းဖြင့် တက်ရောက်ကြသည်။
အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးက မြန်မာနိုင်ငံတွင် ၁၉၄၈ ခုနှစ် လွတ်လပ်ရေးရရှိပြီးနောက် ၁၉၅၉ ခုနှစ်တွင် ပြည်သူ့စစ်မှုထမ်းဥပဒေကို ပြဋ္ဌာန်းခဲ့ကြောင်း၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ ၂၀၀၈ ၊ အခန်း (၈) နိုင်ငံသား၊ နိုင်ငံသားများ၏ မူလအခွင့်အရေးနှင့် တာဝန်များ အခန်း၏ ပုဒ်မ ၃၈၅ တွင် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ လွတ်လပ်ရေး၊ အချုပ်အခြာ အာဏာနှင့် နယ်မြေတည်တံ့ခိုင်မြဲရေးတို့ကို ကာကွယ်စောင့်ရှောက်ရေးသည် နိုင်ငံသားတိုင်း၏ တာဝန် ဖြစ်ကြောင်း၊ ပုဒ်မ ၃၈၆ တွင် နိုင်ငံသားတိုင်းသည် ဥပဒေပြဋ္ဌာန်းချက်များနှင့်အညီ စစ်ပညာ သင်ကြား ရန်နှင့် နိုင်ငံတော်ကာကွယ်ရေးအတွက် စစ်မှုထမ်းရန် တာဝန်ရှိသည်ဟု ပြဋ္ဌာန်း ထားပါကြောင်း၊ နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီလက်ထက်၂၀၁၀ ပြည့်နှစ်၊ နိုဝင်ဘာလတွင် ပြည်သူ့စစ်မှုထမ်းဥပဒေကို ဥပဒေအမှတ် (၂၇/၂၀၁၀) ဖြင့်ပြဋ္ဌာန်းခဲ့ပြီး ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၀ ရက်တွင် အာဏာတည်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက အမိန့်ထုတ်ပြန်ခဲ့ပါကြောင်း ပြောကြားသည်။
ထို့နောက် ဒုတိယအမြဲတမ်းအတွင်းဝန် ဦးဇော်လွင်ဦးက နိုင်ငံသားတိုင်းသည် ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသား စည်းလုံးညီညွတ်မှု မပြိုကွဲရေး၊ အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးဟူသည့် ဒို့တာဝန် အရေးသုံးပါးကို စောင့်ထိန်းရန် တာဝန်ရှိကြောင်း၊ ထိုသို့ စောင့်ထိန်းနိုင်ရေးအတွက် စစ်ပညာသင်ကြား ရန်နှင့် နိုင်ငံတော် ကာကွယ်ရေးအတွက် စစ်မှုထမ်းဆောင်ရန် လိုအပ်ကြောင်း၊ ပြည်သူ့စစ်မှုထမ်း ဥပဒေကို အခန်း (၈) ခန်း၊ ပုဒ်မ ၃၃ ခု ဖြင့် ပြဋ္ဌာန်းထားရှိကြောင်း၊ ဝန်ထမ်းများအနေဖြင့်လည်း ပြည်သူ့ စစ်မှုထမ်းအဖြစ် တာဝန်ထမ်းဆောင်ရပါက အဆိုပါကာလအား တာဝန်ချိန်အဖြစ် သတ်မှတ်ပေးထားပြီး စစ်မှုထမ်း တာဝန်ပြီးဆုံးချိန်တွင် မူလထမ်းဆောင်ခဲ့သော အလုပ်တာဝန်ကို ပြန်လည်ထမ်းဆောင် နိုင်မည်ဖြစ်ကြောင်း၊ ကမ္ဘာနိုင်ငံအများစုတွင်လည်း စစ်မှုမထမ်းမနေရဥပဒေကို ပြဋ္ဌာန်းကျင့်သုံးလျက်ရှိ ကြောင်း၊ နိုင်ငံသားတစ်ဦး၊ ဝန်ထမ်းတစ်ဦးအနေဖြင့် နိုင်ငံတော်က ပြဋ္ဌာန်းထားသည့် ဥပဒေတစ်ရပ်ကို လိုက်နာဆောင်ရွက်ရန် တာဝန်ရှိကြောင်းနှင့် နိုင်ငံတော်ကို တစ်ဖက်တစ်လမ်းမှ ကာကွယ်စောင့်ရှောက် ပေးနိုင်ကြစေလိုကြောင်း ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သတင်းရရှိသည်။
(သတင်းစဉ်)