မကြာမီ အခြေခံပညာကျောင်းများ ဖွင့်လှစ်တော့မည်ဖြစ်ရာ “ကျောင်းနေအရွယ် ကလေးအားလုံး ပညာသင်ယူခွင့် ရရှိဖို့ ကျောင်းအပ်နှံကြပါစို့” ဟူသော တိုက်တွန်းနှိုးဆော်သံနှင့်အတူ မေလ ၂၆ ရက်မှ ဇွန်လ ၁ ရက်နေ့အထိ ကျောင်းအပ်နှံရေး သီတင်းပတ်အတွင်း ကလေးများကို ကျောင်းအပ် လက်ခံတော့မည်ဖြစ်သည်။ ပညာရေးဝန်ကြီးဌာနက ကျောင်းအုပ်၊ ဆရာ၊ ဆရာမများအားလုံးနှင့် အရာထမ်း အမှုထမ်းများအားလုံး သိရှိလိုက်နာရမည့်အချက်များ၊ မိဘ၊ အုပ်ထိန်းသူ၊ ပြည်သူများသို့ မေတ္တာရပ်ခံချက်များကို နိုင်ငံပိုင်သတင်းစာများ အပါအဝင် မီဒီယာများမှတစ်ဆင့် ထုတ်ပြန် အသိပေးထားသည်များကို သေချာစွာဖတ်ရှု၍ မိမိတို့၏ ရင်သွေးငယ်များ အကျိုးအတွက် ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ကြရန် တိုက်တွန်းလိုသည်။

 

နိုင်ငံကို ဒီမိုကရေစီနိုင်ငံတစ်နိုင်ငံအဖြစ် ရပ်တည်မည်ဆိုလျှင် နိုင်ငံသူ နိုင်ငံသားတို့ ပညာရည် မြင့်မားဖို့လိုသည်။ မိမိတို့နိုင်ငံ၏ ပညာရေးအခြေအနေမှာ ဘွဲ့ရလူသုံးသန်းခန့်နှင့် လူဦးရေ၏ သုံးပုံတစ်ပုံမှာ အလယ်တန်းပညာရေးမျှသာရှိပြီး ကျောင်းလုံးဝ မနေဖူးသူများလည်း သန်းနှင့်ချီ၍ ရှိနေသည်။ နိုင်ငံ၏ အမျိုးသားပညာရည် နိမ့်ကျနေမှုသည် နိုင်ငံ၏ အနာဂတ်အတွက် ရင်လေး ဖွယ်ရာဖြစ်သည်။ ပညာရေးကို မြှင့်တင်နိုင်ရန်အတွက် နိုင်ငံတွင် မည်သည့်အစိုးရက တာဝန်ယူနေသည်ဖြစ်စေ အမျိုးသားပညာရည် အဆင့်အတန်း မြင့်မားစေရန်၊ ပညာတတ် လူ့စွမ်းအားအရင်းအမြစ် အင်အားတောင့်တင်းလာစေရန် မဖြစ်မနေ ဆောင်ရွက်ကြရမှာဖြစ်သည်။ သို့ရာတွင် အကြမ်းဖက်အဖျက်သမားများနှင့် ၎င်းတို့၏မီဒီယာများက ကလေးများ ကျောင်းမတက်ရေးနှင့် ကျောင်းများမဖွင့်နိုင်ရေးအတွက် ခြိမ်းခြောက်မှုများ၊ ဖောက်ခွဲမှုများဖြင့် နှောင့်ယှက်ဟန့်တား နေကြသည်။

 

ကလေးသူငယ်များ၏ အခွင့်အရေးများတွင် ပညာသင်ယူခွင့်လည်း ပါသည်။ ကလေးများကို ပညာသင်ပေးခြင်းသည် ၎င်းတို့၏ ဘဝရှေ့ခရီးအတွက်၊ ၎င်းတို့၏ ဂုဏ်သိက္ခာအတွက်ဖြစ်သကဲ့သို့ နိုင်ငံ တည်ဆောက်ရေးအတွက် ရင်းနှီးမြှုပ်နှံခြင်းလည်းဖြစ်သည်။ သို့ဖြစ်ရာ မည်သို့သော အကြောင်းပြချက်နှင့်မဆို ကလေးသူငယ်များ၏ ပညာသင်ကြားမှုကို အနှောင့်အယှက်၊ အဟန့်အတား မပြုကြရန်လိုသည်။ မိမိတို့၏ ရည်ရွယ်ချက်၊ ရည်မှန်းချက်များအတွက် ကလေးများ၏ ပညာသင်ကြားမှုကို ဓားစာခံသဖွယ် မပြုလုပ်ကြရန်လိုသည်။ ကလေးများ၏ ပညာသင်ကြားမှုကို တားဆီးပိတ်ပင်ခြင်းသည် ကလေးသူငယ်များ၏ အခွင့်အရေးကို ချိုးဖောက်ခြင်းဖြစ်ပြီး ကလေးငယ်တို့၏ အနာဂတ်ခရီးကို ဖျက်ဆီးလိုက်ခြင်းလည်းဖြစ်သည်။ နိုင်ငံအနေဖြင့်လည်း ဆုံးရှုံးမှုဖြစ်ရာ နဂိုကပင် ပညာရေးတွင် အားနည်းနေသည့် မိမိတို့နိုင်ငံအဖို့ ထပ်ဆင့်ထိခိုက် ဆုံးရှုံးမှုဖြစ်သည်။

 

ဒီမိုကရေစီ နိုင်ငံတစ်နိုင်ငံအဖို့ အခြေခံပညာရေးသည် လွန်စွာအရေးကြီးသည်။ ကလေးများ၏ ကိုယ်ကျင့်တရား၊ စည်းကမ်း၊ တွေးခေါ်မြော်မြင်မှု၊ တီထွင်ဖန်တီးမှု၊ ဆင်ခြင်တုံတရားနှင့် ဉာဏ်ပညာတို့ကို အခြေခံပညာရေးစနစ်ဖြင့် အုတ်မြစ်ချပေးရခြင်းဖြစ်သည်။ ထို့အပြင် ပေါင်းသင်းဆက်ဆံမှု၊ ယဉ်ကျေးမှု၊ ကိုယ်ကာယကြံ့ခိုင်မှုတို့ကိုလည်း ကျောင်းသင်ပညာရေးမှ ရရှိနိုင်ခြင်းဖြစ်ရာ မိမိတို့၏ ရင်သွေးများ၏ ပညာရေးအတွက် မပျက်မကွက် ကျောင်းအပ်နှံကြရေး မိဘအုပ်ထိန်းသူများသို့ တိုက်တွန်းနှိုးဆော်လိုက်ရပါကြောင်း။

 

မြန်မာ့အလင်း