မန္တလေး ၅ နိုဝင်ဘာ
မန္တလေး မျက်ပါးရပ်ရှိ ရွှေဆိုင်းလုပ်ငန်းရှင်များ ပူးပေါင်းကျင်းပသည့် ရှင်သန်ဆဲဒြပ်မဲ့ ယဉ်ကျေးမှုအမွေအနှစ် (သို့မဟုတ်) မျက်ပါးရွှေဆိုင်းလုပ်ငန်း ထုတ်လုပ်ပုံအဆင့်ဆင့်ပြပွဲနှင့် စာပေဟောပြောပွဲကို ယနေ့ မွန်းလွဲ ၂ နာရီက မန္တလေးမြို့ရှိ ဟိုတယ်မန္တလေး၌ ကျင်းပခဲ့သည်။

ရှေးဦးစွာ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး၊ ဒြပ်မဲ့ယဉ်ကျေးမှု (မန္တလေးတိုင်းဒေသကြီး)ဥက္ကဋ္ဌ ဦးမြတ်သူ တက်ရောက် အမှာစကားပြောကြားခဲ့ပြီး မြန်မာ့ရိုးရာလက်မှု ရွှေဆိုင်းကျင်းပရေးကော်မတီ ဥက္ကဋ္ဌ ဦးဇော်မင်းအောင်က အဆိုပါပြပွဲနှင့် စာပေဟောပြောပွဲ ကျင်းပရခြင်း၏ ရည်ရွယ်ချက်နှင့်ပတ်သက်၍ ရှင်သန်ဆဲ ဒြပ်မဲ့ယဉ်ကျေးမှု အမွေအနှစ်ဖြစ်သည့် မျက်ပါးရွှေဆိုင်းလုပ်ငန်း ရေရှည်တံ့စေရေးနှင့် ၄င်းလုပ်ငန်းအပေါ် မှီခိုနေကြသည့် ပညာရှင်များ၏ ဘဝရှင်သန်ရပ်တည်နိုင်ရေးတို့ အတွက် ဘုရားစေတီများတွင် အသုံးပြုရန် ရိုးရာလက်မှုလုပ်ငန်းအဖြစ် ထုတ်လုပ်သည့် မျက်ပါးရွှေဆိုင်းများကို သီးခြားတင်ဒါခေါ်ယူပေးရန် တောင်းဆိုမျှော်လင့်ပါကြောင်း ပြောကြားခဲ့သည်။

အဆိုပါပြပွဲတွင် ဒြပ်မဲ့ယဉ်ကျေးမှုဆိုင်ရာ အမွေအနှစ်များအား တန်ဖိုးထား ထိန်းသိမ်းကြစေရန် ဟောပြောဆွေးနွေးမည့် ဆရာဆူးငှက်ကလည်း '' ရှင်သန်ဆဲ ဒြပ်မဲ့အမွေအနှစ် ရွှေဆိုင်းလုပ်ငန်းက ရတနာပုံခေတ်ကတည်းက မြန်မာနိုင်ငံတစ်ခုလုံးမှာ မန္တလေးမြို့ မျက်ပါးရပ်တစ်ခုတည်းမှာသာ ထွန်းကားခဲ့ပါတယ်။ အချို့လက်မှုပညာရပ် လုပ်ငန်းတွေ ပျောက်ကွယ်နေပါပြီ။ ရွှေအစစ်ကို ရွှေပြားခတ်ပြီး လုပ်ရတဲ့ ဒီရွှေဆိုင်းခတ်လုပ်ငန်းဟာ မန္တလေးမှာ ယနေ့တိုင်အထိ တည်ရှိနေပေမယ့် လက်ရှိခေတ်အခြေအနေက ပြောင်းလဲလာတာနဲ့အမျှ ဒီရွှေဆိုင်းခတ်လုပ်ငန်းဟာ ပျောက်ကွယ်သွားနိုင်တဲ့ အခြေအနေ ဖြစ်နေတယ်။ ဒီလုပ်ငန်းတွေ ပျောက်ကွယ်သွားခြင်းဟာ မြန်မာတွေရဲ့ ယဉ်ကျေးမှု အဆင့်အတန်းကိုရော မြန်မာ့အမျိုးသားအကျိုးစီးပွားကိုရော ပျောက်ကွယ်သွားသလိုမျိုး ဖြစ်သွားမယ်။ ဒါကြောင့် နိုင်ငံတော်အစိုးရက မြန်မာ့လက်မှုပညာရပ်နဲ့ ထုတ်လုပ်တဲ့ ရွှေဆိုင်းတွေကို စေတီပုထိုးတွေမှာ ဘာသာသာသနာအတွက် ဆောင်ရွက်ကြဖို့ သက်ဆိုင်ရာဂေါပကအဖွဲ့တွေနဲ့ ဆွေးနွေးညှိနှိုင်းကြဖို့ လိုအပ်နေပါပြီ '' ဟု ပြောသည်။
ထို့နောက် မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး၊ ဒြပ်မဲ့ယဉ်ကျေးမှု (မန္တလေးတိုင်းဒေသကြီး) ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက မြန်မာ့ရိုးရာလက်မှုပညာရပ်ဖြင့် မျက်ပါးရွှေဆိုင်းလုပ်ငန်း ထုတ်လုပ်ပုံအဆင့်ဆင့်ကို လိုက်လံကြည့်ရှုကြရာ ရွှေဆိုင်းခတ်ပညာရှင်များက လက်တွေ့ဆောင်ရွက်ပြသခဲ့ကြပြီး သိလိုသည်များကို ရှင်းလင်းပြောကြားခဲ့ကြပြီး မန္တလေးမြို့မှ ဒေသခံ စာရေးဆရာကြီးများက ရှင်သန်ဆဲဒြပ်မဲ့ယဉ်ကျေးမှု အမွေအနှစ်များအား ရေရှည်တံ့စေရန်အတွက် တန်ဖိုးထား ထိန်းသိမ်းစောင့်ရှောက်နိုင်စေရန် ရည်ရွယ်၍ ဆွေးနွေးဟောပြောမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။
အေပီကေ(မန်းကိုယ်ပွာ)