ဓမ္မဘေရီအရှင်ဝီရိယ (တောင်စွန်း)
၂၀၁၉ ခုနှစ် ဒီဇင်ဘာ (၂၇) ရက်တွင် တက္ကသိုလ်ရိပ်သာလမ်း၊ အမှတ် (၅၄)၊ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် နေအိမ်တွင်ပြုလုပ်သည့် မဟာသီရိသုဓမ္မ ဒေါ်ခင်ကြည် ကွယ်လွန်ခြင်း (၃၁) နှစ် မြောက် ရည်စူးပြုလုပ်သည့် ကုသိုလ်ပွဲတွင် ဟောကြားသည့် တရားတော်
မြတ်စွာဘုရားရှင် ပရိနိဗ္ဗာန်ပြုခါနီး ဝေသာလီက ကုသိနာရုံအကြွေလမ်းခရီး နာတိကရွာမှာ ခဏ နားနေခိုက်၊ နာတိကရွာသားများက ကွယ်လွန်သူတို့ရဲ့ တမလွန်အရေးနဲ့ ပတ်သက်လို့ အရှင်အာနန္ဒာမထေရ်ထံ ချဉ်းကပ်ပြီး မြတ်စွာဘုရားထံ မေးလျှောက်ကြပါတယ်။
ဘုရားရှင်နဲ့ရော အရှင်အာနန္ဒာမထေရ်နဲ့ပါ ရင်းနှီးကျွမ်းဝင်ပြီးဖြစ်တဲ့ဒကာ၊ ဒကာမတွေဖြစ်လို့ ဘဝတစ်ပါး ပြောင်းသွားကြပေမယ့် ဂတိတိမ်းပါးခြင်းတော့ မရှိကြပါဘူး။ များသောအားဖြင့်တော့ သောတာပန်၊ သကဒါဂါမ် စတဲ့ အရိယာတွေဖြစ်ကြတဲ့အတိုင်း သုဂတိဘုံဘဝ ရောက်ကြသူတွေနဲ့ အရဟတ္တဖိုလ်ပေါက်ပြီး သံသရာခရီး ဆုံးသွားကြသူတွေချည်းပါပဲ။
တစ်ဦးပြီးတစ်ဦး မေးဖန်များတဲ့အခါမှာ ဘုရားရှင်က အရှင်အာနန္ဒာမထေရ်ကို “အစ္ဆရိယံ ခေါပနေဂံအာနန္ဒ၊ ယံမနုဿဘူတော ကာလံ ကရေယျ - အာနန္ဒာရာ လူရယ်လို့ဖြစ်လာပြီးနောက် သေကြရတာဟာ အဆန်းတကြယ် မဟုတ်ပါဘူး။ ဒီကိစ္စကြုံတိုင်း ငါဘုရားကို မေးလျှောက်လို့ ဖြေနေရရင် ငါဘုရားပင်ပန်းပါတယ်” လို့ မိန့်ကြားပြီး ဒီကရှေ့တမလွန်အရေးနဲ့ ပတ်သက်လို့ ဘယ်သူမှ မေးနေစရာမလိုဘဲ ကိုယ်တိုင်မှန်ကြည့်သလို ကြည့်ပြီး သိမြင်ဆုံးဖြတ်နိုင်အောင် ငါဟောပေးမယ်ဆိုပြီး “ဓမ္မာဒါသ - တရားမှန်တော်ကြီး” လို့ အဓိပ္ပာယ်ရတဲ့ တရားကို ဟောတော်မူပါတယ်။
အကျဉ်းချုပ်ကတော့ ဘုရား၌ မတုန်မလှုပ် ကြည်ညိုခြင်း၊ တရားတော်၌ မတုန်မလှုပ်ကြည်ညိုခြင်း၊ သံဃာတော်၌ မတုန်မလှုပ်ကြည်ညိုခြင်း၊ အရိယာပုဂ္ဂိုလ်တို့ အလေးထားစောင့်ထိန်းတဲ့ ငါးပါးသီလလုံခြုံခြင်း၊ ဒီမှန်လေးချပ်မှာ မိမိကိုယ်ကိုယ်ကြည့်ကြည့်ပါ။ ဒီ (၄)ပါးမှာ မိမိပုံရိပ် ထင်နေရင်ဒီပုဂ္ဂိုလ်ဟာ ငရဲ၊ တိရစ္ဆာန်၊ ပြိတ္တာ စတဲ့ အပါယ်ဒုဂ္ဂတိ တိမ်းပါးကျရောက်ခြင်း မရှိဘူးလို့ ကိုယ်တိုင်ဆုံးဖြတ်လိုက်ပါတဲ့။
ဒါယိကာမကြီးဒေါ်ခင်ကြည်ဟာ ဒီမှန်လေးချပ်လုံးမှာ ပုံရိပ်ထင်နေမှာ သေချာပါတယ်။ ရတနာသုံးပါး ကိုးစားယုံကြည်ခြင်း၊ ငါးပါးသီလ စောင့်ထိန်းခြင်းတို့ပါပဲ။ ဒါကြောင့် ဒကာမကြီး ဒေါ်ခင်ကြည်နဲ့ပတ်သက်လို့ ကုသိုလ်ပြု အမျှအတန်းပေးဝေတဲ့အခါ “အကယ်၍များ ဂတိတိမ်းပါး ချွတ်ချော်ခဲ့သည်ရှိသော် ..” ဆိုတဲ့ သံသယစကားဆိုဖို့ မလိုတော့ပါဘူး။ အင်းဝခေတ်က ဆရာတော်တစ်ပါး သူရေးတဲ့ နိဂုံးမှာ မျှဝေသလို “ဤကောင်းမှု ငါ့မိဘနှစ်ပါးတို့ နှစ်ဝနတ်နား ကြားသိ ဝမ်းမြောက်နိုင်ပါစေ.....” လို့သာ မျှဝေဖို့ရှိပါတယ်။ အရင်ကလည်း ပြောဖူးပါတယ်။ သားသမီးဝတ္တရား ငါးပါးထဲက “လှူမျှဝေ၍ စောင့်လေမျိုးနွယ်” ဆိုတဲ့ နှစ်ပါးက မိဘတွေ ဂတိတိမ်းပါးခဲ့သော်အတွက် မဟုတ်ပါဘူး၊ သူတို့ရဲ့ ကျေးဇူးတွေကို ဘဝနဲ့ပိုင်းပြီးတော့ တန်ဖိုးမဖြတ်သင့်ကြတဲ့အတွက် အမြဲအောက်မေ့ သတိရတဲ့အနေနဲ့ ပြုကြရတယ်"ဆိုတာ။
မြတ်စွာဘုရား မိန့်ကြားတဲ့ “သေကြတာဟာ အဆန်းတကြယ် မဟုတ်ပါဘူး” ဆိုတဲ့စကားကို အပြန်အားဖြင့် စဉ်းစားလိုက်ရင် “လူရယ်လို့ ဖြစ်လာပြီးနောက် သက်ရှင်နေထိုင်ခိုက်ဟာ အံ့ဩလောက်အောင် ဆန်းကြယ် အရေးပါတယ်”လို့ အဓိပ္ပာယ်ရပါတယ်။
အမှန်တကယ်လည်း လူတိုင်းရဲ့ အနာဂတ်ဘဝခရီးနဲ့ သံသရာခရီး အနိမ့်အမြင့် အတက်အကျဆိုတာကို သေခြင်းက အဆုံးအဖြတ်ပေးမှာ မဟုတ်ပါဘူး။ “သဗ္ဗေ သတ္တာကမ္မဿကာ ကမ္မဒါယာဒါ-သတ္တဝါတိုင်းဟာ ကံသာ ကိုယ်ပိုင်ဥစ္စာဖြစ်တယ်။ ကံရဲ့ အမွေကို ခံယူရတယ်” ဆိုတဲ့အတိုင်း သက်ရှင်နေထိုင်စဉ်မှာ ပြုလုပ်ထားသမျှ ကံများကသာ အဆုံးအဖြတ်ပေးသွားမှာပါ။ ဒီကိစ္စက ဒီနေ့ ဗုဒ္ဓဘာသာဝင်တွေကို အကြိတ်အနယ်ဟောနေရတဲ့ ကိစ္စပဲ။ မြတ်စွာဘုရားက “အသက်ရှင်နေဆဲ ဒီတစ်လံမျှလောက် ခန္ဓာကိုယ်ထဲမှာ သစ္စာလေးပါးအထိ ရရှိအောင် ကြိုးစားရှာဖွေနိုင်ကြတယ်” လို့ ဟောညွှန်ခဲ့ပေမယ့် ဗုဒ္ဓဘာသာ အများစုကြီးက အသက်ရှင်နေစဉ်ကာလမှာ ဘဝတန်ဖိုးမြင့်ဖို့၊ အဆင့်အတန်းမီဖို့ ကြိုးစားရကောင်းမှန်း မသိကြဘဲ သေပြီးနောက် အပါယ်မကျရေးနဲ့ သုဂတိဘုံ ဘဝ ရရှိရေးလောက်ပဲ အားသန်နေကြလို့ပါ။
ဘုရားလောင်းတော်တို့ရဲ့ ပါရမီခရီးစဉ်တစ်လျှက်ကို ကြည့်လိုက်ရင် သက်ရှင်နေထိုင်စဉ်ဘဝတွေလို အရေးပါအောင် “စရိယသုံးပါး”လို့ ခေါ်တဲ့ကျင့်သုံးခြင်း သုံးမျိုးနဲ့ ဘဝတန်ဖိုးတွေ မြှင့်တင်ကျင့်သုံးခဲ့တာကို တွေ့နိုင်ပါတယ်။ ကျင့်သုံးခြင်းသုံးမျိုးဆိုတာကတော့ -
(၁) လောကအားလုံးအတွက် ရည်မှန်းကျင့်သုံးတဲ့ ‘လောကတ္ထစရိယ’။
(၂) ဆွေမျိုးဉာတိတို့ အကျိုးအတွက် ကျင့်သုံးတဲ့ ‘ဉာတတ္ထစရိယ’ (‘ဉာတိ’ကို ‘ဆွေမျိုး”လို့ ဆိုပေမယ့် ‘ဉာတ’ သဒ္ဒါက ‘သိခြင်း’ လို့အဓိပ္ပာယ်ရတဲ့အတွက် ‘ ဉာတတ္ထစရိယ သိမြင်ဆက်စပ်သမျှ ဝန်းကျင်အကျိုးကို ကျင့်ခြင်း’ လို့ ယူရင်ပိုပြီး ပြည့်စုံပါလိမ့်မယ်၊ ဇာတကဖြစ်တော်စဉ်တွေမှာ ကြည့်ရင်လည်း ဆွေမျိုးတော်စပ်သူများကိုသာမက တွေ့ကြုံဆက်စပ်သမျှ ဒေသမခြား အမျိုးဇာတ်မခြားဘဲ လူဖြစ်တဲ့ဘဝမှာ တိရစ္ဆာန်တို့အကျိုး၊ တိရစ္ဆာန်ဖြစ်တဲ့ ဘဝမှာ လူတို့ရဲ့ အကျိုးကို အထိ သိမြင်ဆက်စပ်သမျှ အားလုံးအတွက် သက်စွန့်ကြိုးပမ်းခဲ့တာ တွေ့ရပါတယ်)။
(၃) မိမိအတွက် ကံကြောင့် ရရှိမည့်အကျိုးကိုပင် မျှော်လင့်တောင့်တခြင်းမရှိဘဲ တွယ်တာတပ်မက်မှု ကိလေသာ လျော့ပါးကုန်ခန်းပြီး ဗောဓိဉာဏ် ရင့်သန်ရေးကိုသာ ရည်မှန်းတဲ့ “ဗုဒ္ဓတ္ထစရိယ”တို့ပါပဲ။
အလောင်းတော်တို့ရဲ့ ပါရမီခရီးဆိုတာ နိမ့်ရာမှ မြင့်ရာသို့သွားတဲ့ခရီး၊ အတ္တမှ အနတ္တသို့ သွားတဲ့ခရီးဖြစ်တဲ့အတိုင်း စွမ်းနိုင်သမျှ စွန့်လွှတ်စွန့်စား ပြုလုပ်တဲ့ ဒါန၊ သီလ စတဲ့ မြင့်မြတ်ရေးအလုပ်ကြီး (၁၀) မျိုးလုံးမှာ ကိုယ့်အတွက်ဆိုတဲ့ “အတ္တတ္ထ” ကိုလုံးဝငဲ့ကွက်တောင့်တမှု မပြုခဲ့ပါဘူး။ လောကအကျိုးနဲ့ ဆွေမျိုးဉာတိတို့ အကျိုးကိုသာ ငဲ့ကွက်ပြုလုပ်ရိုး ဖြစ်ပါတယ်။
ကိုယ့်အတွက်ဆိုတဲ့ “အတ္တတ္ထ” ကို ငဲ့ကွက်ခြင်းမရှိတဲ့ အတွက်ကြောင့်လည်း ပါရမီလုပ်ငန်းမှန်သမျှ ဘာကိုပဲပြုပြု အတ္တကိုအခြေခံပြီး ဖြစ်ပေါ်လေ့ရှိတဲ့လောဘ၊ ဒေါသ စတဲ့ ကိလေသာတွေ တိုးပွားရိုးမရှိဘဲ လျော့ပါးခြင်း အကျိုးသာ ရှိခဲ့ပါတယ်။ ဘဝဆိုတာ ကိလေသာဝန်ထုပ် ပိလေ နိမ့်ကျလေဖြစ်ပြီး ကိလေသာဝန်ထုပ်ပေါ့လေ မြင့်တက်လေ ဖြစ်ပါတယ်။ ဒါကြောင့် ပါရမီအကျင့်လမ်း ဆိုတာ ‘နိမ့်ရာက မြင့်ရာကို သွားတဲ့လမ်း’ လို့ ဆိုရတာပါ။ ကိလေသာလျော့ပါးလာခြင်းသည်ပင် ဗောဓိဉာဏ် ရင့်သန်တိုးတက်ရေးဖြစ်လို့ “ဗုဒ္ဓတ္ထစရိယ ဗောဓိဉာဏ်အတွက် ကျင့်သုံးခြင်း ဖြစ်သွားတာပါ။ (ကိုယ်ကျိုးမဖက်ဘဲ လောကတ္ထစရိယ၊ ဉာတတ္ထစရိယကိုသာ ငဲ့ကွက် ကျင့်သုံးခြင်းပင် ဗုဒ္ဓတ္ထစရိယ အလိုလိုပါသွားအောင် ကျင့်သုံးခြင်းလည်း မည်တယ်လို့ ဆိုလိုတာပါ)။
ဒီနေရာမှာ ဗုဒ္ဓတ္ထစရိယဆိုတာကို သဘောပေါက်ဖို့ လိုအပ်ပါတယ်၊ တချို့က ဗုဒ္ဓတ္ထစရိယ ဆိုတာလည်း ကိုယ်တိုင်ဘုရားဖြစ်ဖို့အတွက် ရည်ရွယ်ကျင့်သုံးတာပဲဖြစ်လို့ လောကအလိုပြောမယ်ဆိုရင် အတ္တတ္ထစရိယပဲ မဟုတ်လားလို့ ထင်တတ်ကြပါတယ်။
‘ဗုဒ္ဓတ္ထစရိယ’ ဆိုတာ ပုဂ္ဂလဓိဋ္ဌာန်အကျင့် မဟုတ်ပါဘူး၊ ‘သစ္စာလေးပါးကို ထိုးထွင်းသိမြင်တဲ့ဉာဏ်’ ကို ရည်မှန်းကျင့်ကြံတာဖြစ်လို့ ‘ဓမ္မဓိဋ္ဌာန်’ အကျင့်သာ ဖြစ်ပါတယ်။ အသိဉာဏ်ကို ကိလေသာတရားများက ဖုံးကွယ်ထားပါတယ်။ ကိလေသာထူပြောရင် အသိဉာဏ်နည်းပါးတယ်။ ကိလေသာပါးသလောက် အသိဉာဏ်က ပွင့်လာပါတယ်။ ဒါကြောင့် “ဗုဒ္ဓတ္ထစရိယာဆိုတာ ကိလေသာလျော့ပါးရေးအတွက် ရည်မှန်းကျင့်ကြံတာ”လို့ သဘောပေါက်သင့် ပါတယ်။
အလောင်းတော်တို့ဟာ ကိုယ်ပိုင်ဆိုင်သမျှကို လောကအတွက် ဉာတိအတွက် စွန့်လွှတ်လိုက်တာနဲ့ တစ်ပြိုင်နက် ပိုင်ဆိုင်တဲ့ပစ္စည်းဥစ္စာအပေါ်မှာ တွယ်တာနေတဲ့ တဏှာလောဘဆိုတဲ့ ကိလေသာကိုပါ စွန့်ပယ် လိုက်ပါတယ်။
များသောအားဖြင့် သာမန်ပုဂ္ဂိုလ်တို့ ဒါနကုသိုလ် ပြုလုပ်တဲ့အခါမှာ ပစ္စည်းဥစ္စာကိုသာ စွန့်လွှတ်ပေမယ့် တွယ်တာတဲ့ ကိလေသာကိုတော့ စွန့်လွှတ်နိုင်ခဲ့ပါတယ်။ ပြုလုပ်တဲ့ကုသိုလ်ကြောင့် ရရှိလာမယ့်ကောင်းကျိုးကိုတော့ ကိုယ့်အတွက်အဖြစ် မျှော်လင့်တောင့်တ မိကြပါတယ်။ ဒီကုသိုလ်မျိုးကို လယ်တီဆရာတော် ဘုရားကြီးက “ဥတ္တမပုရိသဒီပနီ” မှာ ဝိသုဒ္ဓိမဂ်ကျမ်းက စကားကို ကိုးကားပြီး “ပုညဖလကာမတာယ ပဝတ္တိတံ မဇ္ဈိမံ - ကောင်းမှုကြောင့်ရရှိမယ့် ကောင်းကျိုးကို မျှော်ကိုးပြီး ပြုလုပ်တဲ့ကုသိုလ်ဟာ အလယ် အလတ်တန်းစားကုသိုလ်မျိုးသာဖြစ်ပါတယ်၊ ပါရမီမြောက်အမြတ်စား ကုသိုလ်မဟုတ်ဘူး။ ကတ္တဗ္ဗမေဝိဒန္တအရိယ ဘာဝံ နိဿယ-ဒါဟာ တာဝန်အရလုပ်သင့်လုပ်ထိုက်တဲ့ အလုပ်ဖြစ်တယ်ဆိုတဲ့ ခံယူချက်နဲ့ ပစ္စည်းဝတ္ထုရော၊ ပစ္စည်းဝတ္ထုပေါ်တွယ်တာတဲ့ ကိလေသာ၊ ကောင်းကျိုးမျှော်တဲ့ ကိလေသာပါ စွန့်လွှတ်ပြီး ကိလေသာကုန်ခန်းရာ အရိယာအဖြစ်ကို ရည်ရွယ်ပြုလုပ်တဲ့ ကုသိုလ်မျိုးသာ ပါရမီမြောက် အမြတ်စား ဘဝတန်ဖိုးမြှင့်ကုသိုလ် ဖြစ်တယ်”လို့ ဆိုထားပါတယ်။
ကုန်ခန်းရမယ့် ကိလေသာတွေလျော့ပါးပြီး တိုးပွားရမယ့်သဒ္ဓါပညာတို့ တိုးပွားလာအောင် ကျင့်သုံးတာဟာ ဗုဒ္ဓတ္ထစရိယပါပဲ။ ဒီအကျင့်သုံးမျိုးတို့ဟာ ဘဝကို တစ်ဆင့်ထက်တစ်ဆင့် မြင့်တက်စေတဲ့အတွက် “စရိုက်မြှင့်အကျင့်သုံးပါး” လို့လည်း ဆိုနိုင်ပါတယ်။ ဒါကြောင့်လည်း နောက်ဆုံးပါရမီတွေ ပြည့်စုံသွားလို့ ဗောဓိညောင်ပင်အောက်မှာ ဘုရားအဖြစ်ရောက်ခါနီး အခြေအနေနဲ့ပတ်သက်လို့ ပြန်လည်ဟောပြတဲ့အခါ ‘ငါရဲ့ အသိဉာဏ်ကို ဖုံးလွှမ်းထားတဲ့ ကိလေသာပမာဏက ယနေ့ပင် ပေါက်တော့မယ့် ကြက်ဥရဲ့ အကာပါးပါးလေးလောက်ပဲ ကျန်တော့တယ်၊ ငါရဲ့ ဉာဏ်အစွမ်းကလည်း ယနေ့ပေါက်တော့မည့် ကြက်ငယ်ရဲ့နှုတ်သီးလို ရင့်မာ နေပြီ၊ ဒါကြောင့်လည်း ကြက်ငယ်ရဲ့ ရင့်မာတဲ့နှုတ်သီး လှုပ်လိုက်ကာမျှနဲ့ ကြက်ဥရဲ့ အကာပါးပေါက်ကွဲပြီး ကြက်ငယ်တစ်ကောင် ပေါက်ဖွားလာသလို ကိလေသာ ရန်မြူခပင်း ပေါက်ကွဲပွင့်ထွက်ပြီး သဗ္ဗညုတဉာဏ်အလင်း ကို ရတော်မူခဲ့တယ်’ လို့ ဟောတော်မူတာပါ။
ဒါနဲ့ပတ်သက်လို့ လယ်တီဆရာတော်ဘုရားကြီး ကလည်း ခုနှစ်နေ့ ဘုရားရှိခိုးလင်္ကာများမှာ ‘ရန်မြူခပင်း၊ အမိုက်သင်းကို၊ အရှင်းပယ်ဖျောက်၊ အလင်းပေါက်က၊ ထွန်းတောက်ဘုန်းတော်၊ သောင်းလုံးကျော်သည်၊ သုံးဖော်လူတို့ ငြမ်းပါကို” လို့ စပ်ဆိုပူဇော်ခဲ့ ပါတယ်။
အလောင်းတော်တို့က သက်ရှင်နေထိုင်စဉ်ကာလတွေကို အရေးပါအောင် ‘စရိယသုံးပါး’ ခေါ်တဲ့ စရိုက်မြင့် သုံးဆင့်နဲ့ ဘဝကို တစ်ဆင့်ထက် တစ်ဆင့်တန်ဖိုးမြှင့်တင်ခဲ့သလို ဒေဝဒတ်အလောင်း အစရှိတဲ့ ဆန့်ကျင်ဘက်တို့ရဲ့ အကျင့်မျိုးလို ဘဝရဲ့တန်ဖိုးနဲ့ အဆင့်အတန်းတွေကို နိမ့်ပါးအောင်ကျင့်ကြတဲ့ စရိုက်နိမ့်သုံးမျိုးကိုလည်း လောကထဲမှာ တွေ့မြင်နိုင်ပါတယ်။ အဲဒါတွေကတော့
(၁) သူတစ်ပါးအကျိုးကို လုံးဝငဲ့ကွက်ခြင်းမရှိဘဲ “ဘယ်သူသေသေ ငတေမာပြီးရော” ဆိုတဲ့ စိတ်ထားမျိုး နဲ့ ကိုယ်ကျိုးကိုသာ အစွမ်းကုန်လုပ်ဆောင်တဲ့ “အတ္တတ္ထစရိယ’။
(၂) သူတစ်ပါးအကျိုးငဲ့ကွက်ခြင်းမရှိဘဲ ကိုယ်ကျိုးကိုသာ အဓိကလုပ်ဆောင်မှုများသည်ပင် ကိုယ်နဲ့ ဆက်စပ်ပတ်သက်ရာ ပတ်ဝန်းကျင်ကိုလည်း ထိခိုက်နစ်နာ ပျက်စီးစေတဲ့အတွက် “ဉာတိအနတ္ထစရိယ’ လည်း မည်ပါတယ်။ ။
(၃) တစ်ကိုယ်ကောင်းစိတ်ဓာတ်တွေ ကြီးမား ကျယ်ပြန့်လာခြင်းသည်ပင် ရေခြားမြေခြားအထိ တစ်လောကလုံးကိုလည်း ပျက်စီးထိခိုက်စေတဲ့အတွက် ‘လောကအနတ္ထစရိယ’ လည်း အလိုလိုဖြစ်သွားစေတဲ့ အကျင့်များပါ။
ဒီအကျင့်သုံးမျိုးလုံးဟာ ပြုလုပ်စဉ်ခဏမှာသာ မိမိအကျိုး “အတ္တတ္ထစရိယ”လို့ ထင်ရပေမယ့် အပြစ် ဟူသမျှကို မြူမျှအလေးမထားတဲ့အတွက် ကိလေသာမြူတွေ ထူသည်ထက်ထူပြော လေးလံပြီး သံသရာ တစ်လျှောက် တစ်ဘဝထက်တစ်ဘဝ တန်ဖိုးတွေ နိမ့်ကျစေတတ်တဲ့အတွက် “စရိုက်နိမ့် သုံးမျိုး” လို့ ဆိုနိုင်ပါတယ်။ တိပိဋကဓရ ယောဆရာတော်ဘုရားကတော့ ဒီလိုကံမျိုးတွေဟာ နိမ့်ကျတဲ့ဘဝကို ဦးတည်တဲ့ အဆင်းလမ်းဖြစ်ပါတယ်။ “လူတွေဟာ အဆင်းလမ်းကို ရဲရဲကြီးလျှောက်နေသမျှ ဆင်းရဲနေကြမှာပဲ၊ အဆင်း ရဲလေ ဆင်းရဲလေဖြစ်နေမယ်” လို့ ဆုံးမပါတယ်။
ဒီလိုပုဂ္ဂိုလ်မျိုးဟာ သံသရာမှာ သစ်ငုတ်လို အမြစ်တွယ်ပြီး အညွန့်မှန်သမျှ တုံးသွားစေတဲ့အတွက် ‘သံသရာ သစ်ငုတ်များ’လို့လည်း သူတော်ကောင်းတို့က သတ်မှတ်ကြပါတယ်။ ရှင်ဒေဝဒတ်ဟာ နောက်ဆုံးဘဝမှာ ဘုရားရှင်နဲ့ လောကအရလည်း ဆွေမျိုးတော်ကြီး သာသနာတော်မှာလည်း ရဟန်းတစ်ပါး ဖြစ်ခဲ့ရပေမယ့် ကွယ်လွန်ချိန်မှာတော့ အညွန့်အားလုံးတုံးပြီး အဝီစိမှာ နစ်မြုပ်သွားသလိုမျိုးပါပဲ။ ယောဆရာတော်ကတော့ ဘုန်းကြီးများ ဘဝကူးတာဟာ အထက်ကို မြင့်တက်သွားတာဖြစ်လို့ “ပျံတော်မူတယ်”လို့ ဆိုရပေမယ့် ရှင်ဒေဝဒတ်ကတော့ “ပျံတော်မမူနိုင်ရှာပဲ နစ်တော် မူရတယ်’လို့ မိန့်ကြားပါတယ်။
ဒီနေ့ ရည်မှန်းကုသိုလ်ပြုလုပ်ပြီး အမျှအတန်း ပေးဝေရမယ့် ဒကာမကြီး ဒေါ်ခင်ကြည်ကတော့ သက်ရှင်နေထိုင်စဉ်မှာ ကင်းသင့်တဲ့ စရိုက်နိမ့် (၃)မျိုး လုံးလည်း ကင်းရှင်းပြီး ဘုရားရှင်ဟောကြားတဲ့ မှန်လေးချပ်လုံးမှာလည်း အရိပ်ထင်ရှားသလို ကောင်းမြတ်တဲ့ စရိုက်သုံးပါးလုံးနဲ့လည်း ဘဝတန်ဖိုးကို မြှင့်တင်ခဲ့တယ်ဆိုတာ သိသာထင်ရှားပြီးဖြစ်လို့ အမျှ ပေးဝေရာမှာ “ရောက်လေရာ သုဂတိဘဝမှ နှစ်ဝ နတ်နား ကြားသိဝမ်းမြောက်ပါစေ”လို့သာ ရည်မှန်းပြီး အမျှအတန်း ပေးဝေကြပါစို့။
အပ္ပမာဒေန သမ္ပာဒေထ
ဓမ္မဘေရီအရှင်ဝီရိယ(တောင်စွန်း)
၂၇-၁၂-၂၀၁၉