ညောင်ဦး ၅ ဖေဖော်ဝါရီ
ဆရာတော် ဉူးသုမင်္ဂလ၏ လမ်းညွှန်မှုဖြင့် ရှင်းသန့်မြင့်စေ - ပုဂံမြေ ပရဟိတအသင်းသား ၅၀ဝ ခန့် သည် ဆရာတော် ဦးဝိစာရ ၊ ပုဂံမြို့ ၊ ရတနာဘုံစံတောရဓမ္မရိပ်သာကျောင်း နာယကဆရာတော် ဦးသာဂရတို့ ဦးဆောင်သော သစ္စာမဏ္ဍိုင်ပရဟိတအသင်းသားများနှင့် ပူးပေါင်းပြီး ပုဂံညောင်ဦး ရှေးဟောင်းယဉ်ကျေးမှု နယ်မြေ သန့်ရှင်းသာယာလှပစေရေးအတွက် ဇန်နဝါရီ ၃၀ ရက်နေ့မှ ဖေဖော်ဝါရီ ၃ ရက်နေ့အထိ ပုဂံမြို့ဟောင်းသွား လမ်းဘေး(ဝဲ၊ယာ) ၊ သရပါတံခါး အနီးဝန်းကျင် ၊ သဗ္ဗညုဘုရားအနီးဝန်းကျင်နှင့် ရွှေဆံတော်ဘုရားသွားလမ်း ၊ လမ်းဘေး (ဝဲ ၊ ယာ)များရှိ ခြုံနွယ် ပိတ်ပေါင်းများနှင့် အမှိုက်သရိုက်များ ရှင်းလင်းခြင်း၊ စွန့်ပစ်ပလတ်စတစ်အမှိုက်များ ကောက်ယူ ရှင်းလင်းခြင်းနှင့် တံမြက်စည်းလှဲခြင်းလုပ်ငန်းများကို ပြည်သူ့အကျိုးပြု စုပေါင်းသန့်ရှင်းရေး လာရောက်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

အဆိုပါ ပရဟိတစုပေါင်းသန့်ရှင်းရေး ပူးပေါင်းအဖွဲ့သည် ကမ္ဘာ့အမွေအနှစ်စာရင်းဝင် ပုဂံညောင်ဦး ရှေးဟောင်း ယဉ်ကျေးမှုနယ်မြေ သန့်ရှင်းသာယာလှပစေရန်၊ ပြည်တွင်း ၊ ပြည်ပ ဘုရားဖူးဧည့်သည်များ စိတ်အေးချမ်းသာစွာ ဘုရားစေတီပုထိုးများကို ဖူးမြော်ကြည်ညိုနိုင်ရန်အတွက် ရည်ရွယ်ပြီး ပရဟိတ အဖွဲ့ဝင် အင်အား ၅၀ဝ ခန့်ဖြင့် စုပေါင်းသန့်ရှင်းရေး လုပ်ငန်းအား ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

“ဆရာတော် ဉူးသုမင်္ဂလ ဦးစီးတည်ထောင်ထားတဲ့ ကျွန်တော်တို့ ရှင်းသန့်မြင့်စေ - ပုဂံမြေ ပရဟိတအဖွဲ့က ပုဂံညောင်ဦး ရှေးဟောင်းယဉ်ကျေးမှုနယ်မြေကို အစဉ်အမြဲ သန့်ရှင်းသာယာ လှပစေရန်နဲ့ ပြည်တွင်း ၊ ပြည်ပဘုရားဖူး ခရီးသွားဧည့်သည်တွေ စိတ်အေးချမ်းသာစွာ ဝင်ထွက်သွားလာ ဖူးမြော်ကြည်ညိုနိုင်ရေးအတွက် ရည်ရွယ်ပြီး စုပေါင်းသန့်ရှင်း လာရောက် ဆောင်ရွက်ပေးခြင်းဖြစ်ပါတယ်။ ဒီလိုပြည်သူ့အကျိုးပြု စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ခြင်းလုပ်ငန်းကို ပြီးခဲ့တဲ့နှစ်ကလည်း လာရောက်ဆောင်ရွက်ပေးခဲ့ပါတယ်။ ယခု စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်မှု လုပ်ငန်းတွင် ပရဟိတအဖွဲ့ဝင် ၅၀ဝ ခန့် ပါဝင်ပြီး ပုဂံမြို့၊ ရတနာဘုံစံတောရ ဓမ္မရိပ်သာကျောင်း နာယကဆရာတော် ဦးသာဂရ ၊ ဆရာတော် ဦးဝိစာရတို့ ဦးဆောင်တဲ့ သစ္စာမဏ္ဍိုင် ပရဟိတ အသင်းသားများနဲ့ ပူးပေါင်းဆောင်ရွက်ခြင်းဖြစ်ပြီး ဇန်နဝါရီ ၃၀ ရက်ကနေ ဖေဖော်ဝါရီ ၃ ရက်နေ့အထိ (၅)ရက်ကြာ စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ပေးခဲ့ပါတယ်။ စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ခြင်း လုပ်ငန်းကိုတော့ ပုဂံမြို့ဟောင်းသွား လမ်းဘေး(ဝဲ၊ယာ) ၊ သဗ္ဗညုဘုရားအနီးဝန်းကျင် ၊ ရွှေဆံတော် ဘုရားသွားလမ်း ၊ လမ်းဘေး(ဝဲ ၊ ယာ)နဲ့ အာနန္ဒာဘုရားနှင့် သရပါတံခါး အနီးဝန်းကျင်တွေမှာရှိတဲ့ ခြုံနွယ်ပိတ်ပေါင်းများ၊ ပေါင်းမြက်များရှင်းလင်းခြင်း ၊ စွန့်ပစ်ပလပ်စတစ်အမှိုက်များ ကောက်ယူ ရှင်းလင်းခြင်းနှင့် တံမြက်စည်းလှဲခြင်း လုပ်ငန်းများကို အမှိုက်သိမ်းယာဉ်များဖြင့် နေ့စဉ် နံနက် ၈ နာရီမှ ညနေ ၅ နာရီအချိန်ခန့်အထိ စနစ်တကျ စုပေါင်းရှင်းလင်း ဆောင်ရွက်ပေးခဲ့ပါတယ်။ ယခုလို စုပေါင်း သန့်ရှင်းရေး ဆောင်ရွက်ပေးနိုင်ရေးအတွက် လိုအပ်သည့် နေရေးထိုင်ရေး ကိစ္စအဝဝကို ပုဂံမြို့၊ ရတနာဘုံစံတောရဓမ္မရိပ်သာ ကျောင်းဆရာတော် ဦးသာဂရက ပံ့ပိုးကူညီ ဆောင်ရွက်ပေးခဲ့ပါတယ်။ ယခင်နှစ်တွေကလည်း ပုဂံဒေသကို လာရောက်ပြီး စုပေါင်းသန့်ရှင်းရေးလုပ်ငန်းတွေ ပြည်သူ့အကျိုးပြု ဆောင်ရွက်ပေးတာဖြစ်ပါတယ်။ ယခုလို ကျွန်တော်တို့နိုင်ငံရဲ့ ပြည်တွင်း၊ ပြည်ပဘုရားဖူး ဧည့်သည်များ စိတ်ဝင်တစ်စား လာရောက်လည်ပတ်ရာနေရာဖြစ်တဲ့ ပုဂံညောင်ဦးဒေသကို လာရောက်ပြီး စုပေါင်း သန့်ရှင်းရေး ပြုလုပ်ဆောင်ရွက်ပေးခွင့်ရတဲ့အတွက် အသင်းဝင်များကိုယ်စား ကျွန်တော့အနေနဲ့ အရမ်းကို ဝမ်းသာပီတိ ဖြစ်ရပါတယ်” ဟု ရှင်းသန့်မြင့်စေ - ပုဂံမြေ ပရဟိတအဖွဲ့မှ အဖွဲ့ခေါင်းဆောင် ဖြစ်သူ ဦးသိန်းဝင်း က ပြောသည်။
ရဲဝင်းနိုင် (ညောင်ဦး)
