နေပြည်တော် နိုဝင်ဘာ ၇

တန်ဆောင်မုန်းလပြည့်နေ့  (သာမညဖလအခါသမယနေ့) တွင် မွန်ပြည်နယ်အတွင်း အထင်ကရတန်ခိုးကြီး ဘုရား၊ စေတီများတွင် ဘုရားဖူးကုသိုလ်ယူကြသူများ၊ မြို့နယ်များ၌ ပျော်ပွဲရွှင်ပွဲများ၊ စတုဒိတာကျွေးမွေးခြင်းများဖြင့် စည်ကားသိုက်မြိုက်လျက်ရှိပြီး ရှင်ဥပဂုတ္တ မထေရ်မြတ် ပူဇော်ပွဲနှင့် ဆွမ်းအိုးမျှောပွဲကို ယနေ့ နံနက်ပိုင်းတွင် မော်လမြိုင်မြို့၊ ကမ်းနား လမ်း၊ ဆိပ်ကမ်းသာတံတား၌ ကျင်းပရာ မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးဇော်လင်းထွန်းနှင့် ဇနီး၊ ပြည်နယ်ဝန်ကြီးများ တက်ရောက်ကြသည်။ 

ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်နှင့် ဇနီး၊  ပြည်နယ်ဝန်ကြီးများသည် ရှင်ဥပဂုတ္တမထေရ်မြတ် ရုပ်ပွားတော်ကို ဖူးမြော်ကြည်ညို၍ ပန်း၊ ဆီမီးနှင့် ရေချမ်းတို့ ကပ်လှူပူဇော်ကြပြီး သံလွင် မြစ်ထဲသို့ ဆွမ်းအိုးများမျှော၍ ပူဇော်ကုသိုလ်ယူကြသည်။

ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့သည် ချောင်းဆုံမြို့နယ်၊ ကွမ်ရိုက်ကျေးရွာ၊ ကျိုက်တမော့လဲ့စေတီတော်မြတ်၊ ရင်ပြင်တော်ပေါ်၌ ပြုလုပ်သည့် (၂၁) ကြိမ်မြောက်စုပေါင်း မဟာဘုံကထိန်သင်္ကန်း ဆက်ကပ်လှူဒါန်းပွဲ အလှူတော်မင်္ဂလာ အခမ်းအနားသို့ တက်ရောက်ကြရာ မော်လမြိုင်မြို့၊ မြစေတီစာသင်တိုက်ကြီး၏ ဦးစီးပဓါန နာယကဆရာတော် (အဂ္ဂ မဟာပဏ္ဍိတ) ဘဒ္ဒန္တဝိမလဗုဒ္ဓိ အရှင်သူမြတ်ထံမှ ကထိန်အနုမောဒနာတရားနာယူ ကြည်ညိုကြပြီး ဆရာတော်အရှင်သူမြတ်များထံ ကထိန်လျာမြတ်သင်္ကန်းနှင့် လှူဖွယ် ဝတ္ထုများ ဆက်ကပ်လှူဒါန်းကာ လှူဒါန်းမှု အစုစုတို့အတွက် ရေစက်သွန်းချ အမျှပေးဝေ ကြသည်။

တန်ဆောင်မုန်းလပြည့်နေ့   အခါသမယတွင် မွန်ပြည်နယ်အတွင်း တန်ခိုးကြီးဘုရား၊ စေတီများဖြစ်ကြသည့် ကျိုက်ထီးရိုးဆံတော်ရှင် စေတီတော်မြတ်ကြီး၊ ကျိုက်သလံ စေတီ တော်မြတ်၊ ကျိုက္ခမီရေလယ် ဆံတော်ရှင်မြတ်  အစရှိသည့် ဘုရား၊ စေတီ၊ ပုထိုးများတွင် ရပ်နီးရပ်ဝေးမှ ရဟန်းရှင်လူပြည်သူများ စိတ်အေးချမ်းသာစွာဖြင့် ဆွမ်း၊ ပန်း၊ ရေချမ်း၊ ဆီမီးများ ကပ်လှူပူဇော်၍ ကုသိုလ်ဘာဝနာတရား ပွားများနာယူလျက်ရှိကြပြီး မြို့ရွာအလိုက် ပျော်ပွဲ၊ ရွှင်ပွဲများကျင်းပခြင်း၊ ရောင်စုံအလှမီးများ ထွန်းညှိပူဇော်ခြင်း၊ မီးရူးမီးပန်းများ ဖောက်လွှတ်ခြင်းတို့ဖြင့် ပျှော်ရွှင်စွာ ဆင်ယဉ်ကျင်းပလျက်ရှိကြောင်း သိရှိ ရသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်သည် ပြည်နယ်အစိုးရအဖွဲ့ရုံး၊ အောင်ဆန်းခန်းမ၌ ပြုလုပ်သည့် (၃၄) နှစ်မြောက် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန နှစ်ပတ်လည်နေ့  အထိမ်း အမှတ်အခမ်းအနားကို တက်ရောက်ပြီး ပြည်နယ်ဝန်ကြီးချုပ်က ဝန်ထမ်းများအနေဖြင့် ခေတ်အဆက်ဆက် အုပ်ချုပ်ရေး၊ ပြုပြင်ပြောင်းလဲရေးနှင့် ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများကို ဆောင်ရွက်ရာတွင် အဂတိတရား ကင်းရှင်းစွာ၊ နည်းလမ်းမှန်ကန်စွာဖြင့် ကျရာနေရာမှ ပြည်သူများနှင့် တက်ညီလက်ညီ အားလုံးဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ကြရန် မှာကြားသည်။ 

ယင်းနောက် "အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန သမိုင်းကြောင်းနှင့် လုပ်ငန်း စွမ်းဆောင် ချက်များ" Video Clip ကို ပြသခဲ့ပြီး အငြိမ်းစားပြည်နယ်အုပ်ချုပ်ရေးမှူးများကို ဂါရဝပြုကန်တော့ကြကာ အမှတ်တရလက်ဆောင်များ ပေးအပ်ခဲ့ကြကြောင်း သိရသည်။

သတင်းစဉ်