ရန်ကုန် ၂၄ ဖေဖေါ်ဝါရီ 

အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနနှင့် PTTEP International Limited (Yangon Branch) တို့ ပူးပေါင်း၍ ရန်ကင်းကျွမ်းကျင်မှုလေ့ကျင့်ရေးသင်တန်းကျောင်း၌ ဖွင့်လှစ်သော သက်မွေးဝမ်းကျောင်းပညာရပ်ပိုင်း ဆိုင်ရာများကို အသက်(၁၈)နှစ်ပြည့်ပြီးသူ ကျား/မတိုင်း(အခမဲ့)တက်ရောက်ခွင့်ရှိကြောင်း သိရသည်။

ဖေဖေါ်ဝါရီ ၂၁ ရက် နံနက်က လှိုင်တက္ကသိုလ်နယ်မြေရှိ မြန်မာနိုင်ငံအင်ဂျင်နီယာအသင်းချုပ် အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သော သက်မွေးဝမ်းကျောင်းပညာရပ်ပိုင်းဆိုင်ရာ ကျွမ်းကျင်လုပ်သားများ သင်တန်းဆင်းလက်မှတ်ပေးအပ်ပွဲ အခမ်းအနားတွင် ကျောင်းအုပ်ကြီး ဒေါ်ခင်မာအေးက ပြောကြားခြင်းဖြစ်သည်။

"ကျွန်မတို့ရဲ့ သက်မွေးပညာသင်တန်းကို PTTEP ကုမ္ပဏီက လိုအပ်တဲ့ သင်တန်းဆရာ၊ သင်ထောက်ကူလက်တွေ့သုံးပစ္စည်း၊ နည်းပညာနဲ့ ငွေကြေးပံ့ပိုးပေးပါတယ်၊ အမှန်တော့ အတန်းပညာ တစ်ပိုင်းတစ်စနဲ့လူငယ်တွေ အလုပ်အကိုင်အခွင့်အလမ်းရရှိဖို့၊ အဓိကကျပါတယ်၊ ဒီသင်တန်းကို အသက်(၁၈)နှစ်ပြည့်ပြီး ကျား/မ လူမျိုး/ဘာသာမရွေး တက်ရောက်နိုင်ပါတယ်၊ ထောက်ခံစာတစ်ခုမှ မလိုပါဘူး၊ လျှောက်လွှာပေါ် နာမည်စာရင်းဖြည့်ရုံနဲ့ အခမဲ့သင်ကြားခွင့်ရပါတယ်" ဟုကျောင်းအုပ်ကြီး ဒေါ်ခင်မာအေးက ပြောသည်။

ထိုနေ့သင်တန်းဆင်းပွဲအား ၂၀၁၉ ခုနှစ်အတွင်း ဖွင့်လှစ်ခဲ့သည့် အသက်မွေးဝမ်းကျောင်း ပညာရပ်ဆိုင်ရာ ဂဟေဆက်သင်တန်း၊ လေအေးပေးစက် တပ်ဆင်ခြင်းပြုပြင်ခြင်း သင်တန်း၊ လျှပ်စစ်အတတ်ပညာသင်တန်းများတွင် တစ်နှစ်ကာလ သင်ကြားခဲ့ပြီးသော သင်တန်းသားစုစုပေါင်း (၃၃၈) ဦးတို့အား မြန်မာနိုင်ငံလုပ်သားများ ကျွမ်းကျင်မှု "စံ"သတ်မှတ်ပြဋ္ဌာန်းရေးအဖွဲ့ (NSSA) ၏ စိစစ်အကဲဖြတ်မှုနှင့် သင်တန်းဆင်းလက်မှတ်များ ပေးအပ်ခဲ့ကြောင်း၊ သင်တန်းမှာ ပိတ်ရက်မရှိ ဖွင့်လှစ်ထားပြီး ပညာရပ်တစ်ခုတွင် သင်တန်းသား(၃၁)ဦးနှင့် တစ်လခွဲသင်တန်းဖွင့်လှစ်ပေးကြောင်း သိရသည်။

သတင်း-မျိုးမင်းသိန်း(မရမ်းကုန်း)
ဓါတ်ပုံ-မျိုးကြီး