ရန်ကင်း   ၂   ဇူလိုင်

 

ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ရန်ကင်းမြို့နယ်တွင်အမှတ် (၁၅) ရပ်ကွက် မိုးကောင်းလမ်း မှတ်တမ်းရုံးဝင်းအတွင်း၌  ပန်းခင်းစီမံချက်ဖြင့် ဆောင်ရွက်သည့် အိမ်ထောင်စု လူဦးရေစာရင်းနှင့် နိုင်ငံသား စိစစ်ရေးကတ်ပြား ပေးအပ်ပွဲအခမ်းအနားကို ယနေ့ နံနက် ၁ နာရီခွဲက  ကျင်းပခဲ့ကြောင်း သိရသည်။

 

အဆိုပါ အခမ်းအနားတွင် ရန်ကင်းမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဆိုင်ရာ ဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးသိန်းမောင်က အဖွင့်အမှာစကား ပြောကြားရာတွင် နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၏ လမ်းညွှန်ချက်နှင့်အညီ ပန်းခင်းစီမံချက်ဖြင့် နေထိုင်မှုပုံစံများအလိုက် နည်းလမ်း (၄) မျိုး ခွဲခြားပြီး နိုင်ငံသားစိစစ်ရေး ကတ်ပြားနှင့် အိမ်ထောင်စုလူဦးရေ စာရင်းများကို စီမံချက်ကာလ ၁၈ လ သတ်မှတ်၍ ဆောင်ရွက်လျက်ရှိကြောင်း အသေးစိတ်ရှင်းလင်း ပြောကြားခဲ့သည်။

 

ထို့နောက် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ မြို့နယ်ဦးစီးမှူး ဦးဆောင်သောအဖွဲ့များနှင့် ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့များမှ မှတ်တမ်းရုံးဝင်းအတွင်းရှိ မြဝတီစာပေတိုက်တွင် နေထိုင်သူ ၂၀ တို့အား တစ်ဦးချင်း အလိုက် နိုင်ငံသား စိစစ်ရေးကတ်ပြားများကို ပေးအပ်ခဲ့ကြောင်းသိရသည်။

 

ရန်ကင်းမြို့နယ် ရပ်ကွက်/ကျေးရွာများရှိ အသက် ၁၈ နှစ်ပြည့်ပြီးသူများအား နိုင်ငံသား စိစစ်ရေးကတ်ပြားများ ပြုလုပ်ပေးခြင်းကို မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ ဦးစီးမှူးနှင့် ဝန်ထမ်းများက ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

 

လှလှထွေး(ပြန်/ဆက်)