ရန်ကုန် မတ် ၁၁

 

ရန်ကုန်တိုင်းဒေသကြီး ရန်ကင်းမြို့နယ် အမှတ် (၅) ရပ်ကွက်ရှိ ရန်ကင်းဂုဏ်ရည် ကိုယ့်အားကိုယ်ကိုး စာကြည့်တိုက်၌ မတ် ၁၀ ရက် မွန်းလွဲ ၁ နာရီက နွေရာသီအခြေခံပန်းချီရေးဆွဲနည်း(အခမဲ့) သင်တန်းဆင်းပွဲပြုလုပ်သည်။

 

အခမ်းအနားတွင် အမှတ် (၅) ရပ်ကွက် ရန်ကင်းဂုဏ်ရည်စာကြည့်တိုက်ကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ဦးဇော်မင်းထွန်းက နွေရာသီကျောင်းပိတ်ရက် ကျောင်းသား ကျောင်းသူများကို အကျိုးရှိရှိ အသုံးချတတ်စေရန်၊ အရောင်သုံးနည်း၊ အလင်း အမှောင်ညှိခြင်း ဖန်တီးနိုင်စွမ်းတိုးတက်စေရန်၊ စဉ်းစားတွေးခေါ်နိုင်စွမ်းမြှင့်တင်နိုင်ရန်အတွက် အခြေခံ ပန်းချီပညာရပ်များကို စနစ်တကျ သင်ကြားပေးခြင်းဖြစ်ကြောင်း ပြောကြားသည်။

 

ဆက်လက်၍ သင်တန်းသား သင်တန်းသူများအား သင်တန်းဆင်းလက်မှတ်များကို ရန်ကင်းဂုဏ်ရည် စာကြည့်တိုက်ကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက ပေးအပ်သည်။

 

အဆိုပါ သင်တန်းကို ပန်းချီနည်းပြဆရာကြီး ဦးအောင်သစ်က မတ် ၁ ရက် မှ ၁၀ ရက်အထိ သင်ကြားပေးခဲ့ပြီး သင်တန်းသား သင်တန်းသူ ၆၀ တက်ရောက်ခဲ့​ကြောင်း သိရသည်။

လှလှထွေး(ပြန်/ဆက်)