ရန်ကုန် ၂၉ ဒီဇင်ဘာ
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ ရန်ကင်းမြို့နယ်အတွင်းရှိ လွှတ်တော်ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာများနှင့် ပြည်သူလူထုများ တွေ့ဆုံပွဲအခမ်းအနားကို ယမန်နေ့နံနက် ၉ နာရီခွဲက ရန်ကင်းမြို့နယ် မဟာသာသနာ့ဗိမာန်တော်ကြီး၌ ကျင်းပရာ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမင်းမောင်မောင်မှ အထွေထွေအုပ်ချုပ်ရေး ပြုပြင်ပြောင်းလဲရေး မူဘောင်(၂၀၁၉) နယ်ပယ်(၅)ပါ အချက်များကို ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ဇင်မာအောင်မှ ဥပဒေ/နည်းဥပဒေအကြောင်း၊ အမှတ်(၁) တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါ်သီတာမောင်၊ အမှတ်(၂) တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းဇော်တို့မှ မြို့နယ်အတွင်း ဒေသဆိုင်ရာ လိုအပ်သည်များကို ဆောင်ရွက်ရာတွင် ပြည်သူများ၏ အကူအညီလိုအပ်ကြောင်း၊ ပြည်သူများမှ သိလိုသည်များကို ဒီမိုကရေစီနှင့်အညီ ပွင့်ပွင့်လင်းလင်း ပါဝင်မေးမြန်း ဆွေးနွေးနိုင်ကြောင်း စသည်တို့ဖြင့် အဖွင့်အမှာစကားများ ပြောကြားခဲ့သည်။
ဆက်လက်၍ အခမ်းအနားသို့ တက်ရောက်လာသူများက မိမိတို့သိလိုသည့်အကြောင်းအရာများ၊ ဖြေရှင်းပေးလိုသည့် အကြောင်းအရာများ၊ အကြံပြုချက်များကို မေးမြန်းဆွေးနွေးရာ ဌာနဆိုင်ရာ တာဝန်ရှိပုဂ္ဂိုလ်များမှ ပြည်သူများသိရှိလိုသည့် အကြောင်းအရာများ၊ မိမိတို့ ဖြေရှင်းဆောင်ရွက်ပေးနိုင်မည့် အချက်များ၊ လုပ်ဆောင်မှုများ စသည်တို့ကို ပြန်လည်ဆွေးနွေး ဖြေရှင်းပေးခဲ့ကြောင်း သိရသည်။
အခမ်းအနားသို့ လွှတ်တော်ကိုယ်စားလှယ်များ၊ မြို့နယ်အုပ်ချုပ်ရေးမှူး၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ မြို့မိမြို့ဖများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အတွင်းရှိ ပြည်သူများ စုစုပေါင်း ၂၀၀ ဦးခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။
လင်းလင်းထွန်း(ပြန်/ဆက်)