ရန်ကုန် ၁၄ ဧပြီ 

 

ရန်ကင်းမြို့နယ် ကိုရိုနာဗိုင်းရပ်စ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးကော်မတီ၏ ရောဂါပြန့်ပွားမှု လျော့နည်းစေရေး (Home Stay) လုပ်ငန်းစဉ်တွင် ပူးပေါင်းပါဝင်လျက်ရှိသော ပုံမှန်ဝင်ငွေ မရှိသည့် အခြေခံလူတန်းစားများကို နိုင်ငံတော်မှ ထောက်ပံ့သည့် အခြေခံစားသောက်ကုန်(၅)မျိုးဖြစ်သော ဆန်(၈)ပြည်၊ ဆီ(၅၀)ကျပ်သား၊ ပဲ(၁)ပိဿာ၊ ဆား (၅၀)ကျပ်သားနှင့် ကြက်သွန်နီ (၁)ပိဿာတို့ကို လွှတ်တော်ကိုယ်စားလှယ်များ၊ မြို့နယ်အုပ်ချုပ်ရေးမှူး၊ ဌာနဆိုင်ရာများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများမှ တစ်ဆင့် ဧပြီလ ၁၂ ရက်နေ့မှစ၍ အိမ်တိုင်အရောက် လိုက်လံပေးဝေလျက်ရှိသည်။

 

ရန်ကင်းမြို့နယ်တွင် ရပ်ကွက်ပေါင်း(၁၅) ရပ်ကွက်ရှိရာ ပုံမှန်ဝင်ငွေမရှိသော အိမ်ထောင်စုအရေအတွက် (၃၆၀၁) အိမ်ထောင်စုတွင် အိမ်ထောင်စုဝင်လူဦးရေ(၁၆၀၉၇)ဦးရှိပြီး ယမန်နေ့ထိ ဖြန့်ဝေပြီးစီးမှု (၂၃၇၀) အိမ်ထောင်စုရှိပြီး ကျန်ရှိနေသေးသည့် အိမ်ထောင်စုများအား ရပ်ကွက်အလိုက် ဆက်လက် ဖြန့်ဝေသွားမည်ဖြစ်ကြောင်း သိရသည်။

 

လင်းလင်းထွန်း(ပြန်/ဆက်)