ရန်ကုန် အရှေ့ပိုင်း တက္ကသိုလ်သို့ ယခုနှစ်တွင် အဝေးသင် ကျောင်းအပ်သူ ယခင်ထက် ပိုမိုများပြား

ရန်ကုန် မေ ၉

ရန်ကုန် အရှေ့ပိုင်း တက္ကသိုလ်သို့ ယခုနှစ်တွင် အဝေးသင်ကျောင်းအပ်သူ ယခင်ထက် ပိုမိုများပြားပြီး အကြောင်းအမျိုးမျိုးကြောင့် နေ့သင်တန်း မတက်ဖြစ်သူများပါ အဝေးသင်တက်ရန် ကျောင်းလာအပ်ကြကြောင်း အဆိုပါ တက္ကသိုလ်မှ ကထိက တစ်ဦးက  ပြောသည်။

မျက်မြင်အနေအထားအရ ယခင်နှစ်က အဝေးသင် ကျောင်းအပ်သူများသည်ဟု  ထောင်ဂဏန်းမျှသာရှိခဲ့ပြီး ယခုနှစ်တွင် ကျောင်းသားသစ်အပ်သူ တိုးလာသကဲ့သို့ ကျောင်းသားဟောင်းများလည်း တိုးလာခြင်းဖြစ်ကြောင်း သိရသည်။

" ဒီနှစ်က ပိုများလာတယ်။ အရင်နှစ်ကဆိုဘယ်လိုခေါ်မလဲ တစ်လ တစ်လတိုးတိုး တိုးတိုးပြီး လက်ခံတာတောင်မှ လူနည်းနည်း နည်းသေးတယ်။ ဒီနှစ်မှာဆိုရင် အခုလက်ရှိလူက ပိတ်လို့မရသေးဘူး။ တော်တော်လေးများတယ်။ အရင်တုန်းကတော့ တစ်ထောင်လောက်ပဲပေါ့။ ဒီနှစ်ဆိုလို့ရှိရင် ထောင်ဂဏန်းထက် များသွားပြီ သောင်းဂဏန်းလောက် တက်သွားပြီပေါ့" ဟု ၄င်းက ဆိုသည်။

ကြားကာလတွင် အကြောင်းအမျိုးမျိုးကြောင့် ကျောင်းမတက်ခဲ့သည့် ကျောင်းသားများလည်း အဝေးသင်တက်ရန် ကျောင်းလာအပ်ကြသည့်အပြင် နေ့သင်တန်း ကျောင်းသားများလည်း အဝေးသင် ပြောင်းခြင်းမျိုး ရှိနေသောကြောင့် ပမာဏ ပိုမိုတိုးလာခြင်းဖြစ်ကြောင်း သိရသည်။

"ကြားထဲ ကြန့်ကြာသွားတဲ့ ကလေးတချို့ရှိတယ်လေ။ Day တက်ပြီးတော့ ဆက်မတက်ဖြစ်တာမျိုးပေါ့။ ကြားထဲအလုပ်တွေလည်း ရနေကြတာမျိုးဆို သူတို့လည်း အဝေးသင်ပြောင်းပြီးလာအပ်ကြတယ်" ဟု အထက်ပါ ကထိက က ဆိုသည်။

နေ့သင်တန်းမှ အဝေးသင် ပြောင်းရာတွင် ယခင်ကဲ့သို့ ပထမနှစ်မှ စရန်မလိုပဲ တက်ခဲ့သည့် နှစ်အတိုင်း ဆက်လက် သင်ယူခွင့်ပြုသည့် အတွက်လည်း အဝေးသင်ပြောင်းသူ များလာခြင်းဖြစ်နိုင်ကြောင်း ၄င်းကဆိုသည်။

Thit Taw