ရန်ကုန်  ၂၈   ဇူလိုင်

 

ရန်ကုန်မြို့ အရိုးအထူးကုဆေးရုံကြီး တိုးချဲ့ ၅ ထပ်ဆောင် တည်ဆောက်ရေးလုပ်ငန်းများ ယခုအခါ ၇၀ ရာခိုင်နှုန်းခန့် ပြီးစီးနေပြီဖြစ်ကြောင်း ဆေးရုံတည်ဆောက်ရေးလုပ်ငန်းများဆောင်ရွက်နေသည့် ဆောက်လုပ်ရေးဝန်ကြီးဌာန တည်ဆောက်ရေး ၁၊ အဆောက်အဉီ အထူးအဖွဲ့ ၁ ထံမှ သိရသည်။

 

လက်ရှိအချိန်တွင် အုတ်စီအချောသတ်ခြင်းလုပ်ငန်းများ၊ အတွင်းပိုင်းကြွေပြားကပ်ခြင်း လုပ်ငန်းများ ဆောင်ရွက်နေပြီး ဆေးရုံသစ်ကြီးအတွင်း အခန်းများ၊ လူနာခန်းများကိုလည်း ထည့်သွင်းတည်ဆောက် လျက်ရှိကြောင်း သိရသည်။

 

အရိုးအထူးကု ဆေးရုံကြီး တိုးချဲ့ ၅ ထပ်ဆောင်ကို ၂၀၁၈ ခုနှစ် ဩဂုတ်လတွင် စတင်တည်ဆောက်ခဲ့ပြီး ၂၀၂၁ ခုနှစ်ခန့်တွင် အပြီးတည်ဆောက်သွားရန် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ အဆောက်အဉီမှာ အလျား ၁၅၄ ပေ၊ အနံ ၉၁ ပေရှိပြီး အာစီကွန်ကရစ်အမျိုးအစား ၅ ထပ်အဆောက်အဉီ ဖြစ်ကြောင်း သိရသည်။

 

အဆိုပါ တိုးချဲ့ငါးထပ်ဆောင်ကို ကျန်းမာရေးဝန်ကြီးဌာန၏ လုပ်ငန်းအပ်နှံမှုဖြင့် ဆောက်လုပ်ရေး ဝန်ကြီးဌာန တည်ဆောက်ရေး ၁၊ အဆောက်အဉီ အထူးအဖွဲ့ ၁ မှ တာဝန်ယူ တည်ဆောက်နေခြင်း ဖြစ်သည်။

 

ထင်ပေါ်ဝင်း(ကမာရွတ်)၊ ဓာတ်ပုံ - လင်းညွန့်