ရန်ကုန် ၂၇ ဒီဇင်ဘာ
ရန်ကုန် ဝါးတန်း(ကီလီ) ဆိပ်ကမ်းမှ ဒလယာဉ်ကူးတို့ဇက် ဆိပ်ကမ်းတွင် RORO(2)၊ RORO(3)၊ RORO(4 ) အမည်ရှိ ရေယာဉ် (၃)စီးရှိသည့် အနက် (၂) စီးဖြင့် ပြေးဆွဲပေးလျက်ရှိပြီး နေ့စဉ် ခရီးသည်၊ ကုန်စည်နှင့် မော်တော်ယာဉ်အမျိုးမျိုး အစီးရေ (၆၀၀) ခန့်ကို ရေကြောင်းခရီးဖြင့် သယ်ယူပို့ဆောင်ပေးလျက်ရှိရာ ရန်ကုန်မြို့တွင်း ယာဉ်ကြောကျပ်တည်းမှုကို ဖြေလျော့ဆောင်ရွက်ပေးနေသည့် ပြည်တွင်းရေကြောင်းပို့ဆောင်ရေး (မြစ်ဝကျွန်းပေါ် ဌာနခွဲ) ၏ ကူးတို့လမ်းတစ်ခုဖြစ်သည်။
“ ကျွန်တော်တို့ ကားကူးဇက်က ခရီးသည်၊ ကုန်စည်နှင့် မော်တော်ယာဉ်များစွာကို နံနက် (၆) နာရီ ကနေ ည(၇)နာရီ အထိ ရန်ကုန် ဝါးတန်း ဆိပ်ကမ်းကနေ ဒလဘက်ကမ်း သင်္ဘောဆိပ်အနီးကို အခေါက်ရေ (၁၅) ခေါက်နဲ့ ပြေးဆွဲပေးပြီး နေ့စဉ် ကားအစီးရေ (၆၀၀) နီးပါးခန့်ကို သယ်ယူပို့ဆောင်ပေးလျက်ရှိပါတယ်။ ရန်ကုန်မြစ်အတွင်း ဇက်ရေယာဉ် ပြေးဆွဲမှုကြောင့် ရန်ကုန်မြို့တွင်းကနေ တွံတေး၊ ကော့မှူး၊ ကွမ်းခြံကုန်းမြို့နယ်များနဲ့ တစ်ဆက်တည်းဖြစ်တဲ့ ဧရာဝတီတိုင်းအတွင်းမှာရှိတဲ့ မြို့နယ်များကို ပြန်ဆင်းမယ့် ကုန်စည်များနှင့် မော်တော်ယာဉ်အမျိုးမျိုးကို နာရီဝက်ခြားတစ်ခေါက် ပို့ဆောင်ပေးတယ်။ ယာဉ်အများစုက လှိုင်သာယာဘက်ကနေ မသွားတော့ဘဲ ရန်ကုန်ဝါးတန်း ကားကူးဇက်ဆိပ်ကနေ ဒလဘက်ကမ်း ကားကူးဇက်ကို နီးကပ်စွာနဲ့ အချိန်တိုအတွင်း ကူးသန်းသွားလာကြတယ်။ ဒါကြောင့် မြို့တွင်းမှာ ဖြစ်ပေါ်နေတဲ့ ယာဉ်ကြောကျပ်တည်းမှု၊ ပိတ်ဆို့မှုကို ဖြေလျော့ဆောင်ရွက်ပေးသလို ဖြစ်သွားတယ် ” ဟု ပြည်တွင်းရေကြောင်းပို့ဆောင်ရေး (မြစ်ဝကျွန်းပေါ်ဌာနခွဲ) မှ လက်ထောက်အထွေထွေမန်နေဂျာ ဦးသိန်းမြင့် က ပြောသည်။
လက်ရှိအချိန်၌ ရန်ကုန်မြစ်အတွင်း ဝါးတန်း (ကီလီ) မှ ဒလယာဉ်ကူးတို့လမ်းတွင် ခရီးသည်၊ မော်တော်ယာဉ်များနှင့် ကုန်စည်များကို ပို့ဆောင်ပေးလျက်ရှိရာ ကိုရီးယား - မြန်မာချစ်ကြည်ရေး ရန်ကုန်-ဒလမြစ်ကူး တံတားကြီး တည်ဆောက်ရေး ဧရိယာကို ဖြတ်သန်းသွားလာနေခြင်းကြောင့် ရေယာဉ်အန္တရာယ်ကင်းရှင်းရေးကို အလေးထား ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။
“ မြစ်ထဲမှာ တံတားတည်ဆောက်ရေးလုပ်ငန်းတွေ ဆောင်ရွက်နေလို့ ကျွန်တော်တို့ ဇက်ရေယာဉ်ပြေးဆွဲမှုမှာ ရေယာဉ်အန္တရာယ် ကင်းရှင်းကို အလေးထားပြီးဆောင်ရွက်ရတယ်၊ ဘာကြောင့်လည်းဆိုတော့ ရန်ကုန် ဝါးတန်း ဆိပ်ကမ်းကနေ ဒလဘက်ခြမ်း သင်္ဘောဆိပ်အနီးမှာရှိတဲ့ ကားကူးဇက်ကို ဖြတ်သန်းတဲ့အခါ တံတား စီမံကိန်း ဧရိယာကို ဖြတ်သန်းသွားလာရတယ်။ တံတားတည်ဆောက်ရေးက (၃)နှစ်ကျော်ကြာမှာဖြစ်လို့ လက်ရှိ မော်တော်ယာဉ်များ သယ်ယူပို့ဆောင်နေသည့် ကားကူးဇက်ရေယာဉ် ဆင်းမယ့်လမ်းကို ရန်ကုန် ဝါးတန်း ဆိပ်ကမ်းနဲ့ မျက်နှာချင်းဆိုင်နေရာမှာ တည်ဆောက်နိုင်ရင် ရေကြောင်းခရီးနဲ့ ကုန်စည်များ၊ မော်တော်ယာဉ်များ သယ်ယူပို့ဆောင်ရေးလုပ်ငန်းမှာ ပိုမိုအဆင်ပြေလာမှာ ဖြစ်ပါတယ်၊ ကားကူးဇက် လမ်းကြောင်း ပြုလုပ်နိုင်ရင် တံတားစီမံကိန်းဧရိယာကို ဖြတ်သန်းပြီး သွားစရာမလိုတော့ဘူး၊ ပြည်တွင်းရေကြောင်းပို့ဆောင်ရေးဌာန အနေနဲ့လည်း နိုင်ငံတော်အတွက် ဝင်ငွေများစွာ ရရှိနိုင်မှာဖြစ်လို့ ကားကူးဇက် ရေယာဉ်လမ်းကြောင်းသစ် ဆောင်ရွက်ပေးနိုင်ဖို့အတွက် သက်ဆိုင်ရာကို တင်ပြထားတယ်” ဟု၎င်း က ဆက်လက်ပြောပြသည်။
လက်ရှိအချိန်တွင် မြန်မာ-ကိုရီးယား ချစ်ကြည်ရေး ရန်ကုန်-ဒလမြစ်ကူးတံတား စီမံကိန်းလုပ်ငန်းများကို မြစ်အတွင်း ယာယီတံတား တည်ဆောက်ရေး ဆောင်ရွက်လျက်ရှိပြီး တည်ဆောက်ရေးလုပ်ငန်းခွင် ဧရိယာအတွင်း ဖြတ်သန်းသွားလာမည့် ရေယာဉ်များသည် မီးနီ ၂ လုံးနှင့် မီးစိမ်း ၂ လုံး ကြားမှ ဖြတ်သန်း မောင်းနှင်ရမည်ဖြစ်သည်။ ဗော်ယာကို ဒလဘက်ခြမ်းတွင် အနီ ၂ လုံး၊ အဝါ ၂ လုံး နှင့် ရန်ကုန်ဘက်ခြမ်းတွင် အစိမ်း ၂ လုံး၊ အဝါ ၂ လုံး ချထားသတ်မှတ်ထားကြောင်း သိရသည်။
ပင်လယ်ကူးသင်္ဘောများ၊ ရေယာဉ်ငယ်၊ စက်တပ်သမ္ဗာန်၊ လှေငယ်များ ရေပေါ်သွား ရေယာဉ်များ အားလုံးသည် မီးနီ ဗော်ယာ (၂) လုံးနှင့် မီးစိမ်း ဗော်ယာ (၂) လုံးကြားမှ သွားလာရမည်ဖြစ်ပြီး ရေယာဉ်များ သွားလာနိုင်ရေးအတွက် ရေလမ်းကင်းလွတ်နယ်မြေအကျယ် မီတာ ၃၀၀ ရှိသည်။
ရေယာဉ်ငယ်များအတွက် (၂)လမ်းသွားစနစ် သတ်မှတ်ထားသော်လည်း ပင်လယ်ကူးသင်္ဘောကြီးများ ဖြတ်သန်းချိန်တွင် မည်သည့်ရေယာဉ်မှ ဖြတ်သန်းသွားလာခွင့် မရှိကြောင်း၊ ရေယာဉ်ကြီးများ ဖြတ်သန်းချိန်တွင် မြန်မာ့ဆိပ်ကမ်းအာဏာပိုင်မှ တွန်းသင်္ဘော၊ လမ်းရှင်းရေယာဉ်ငယ်များဖြင့် ရေလမ်းကြောင်း ရှင်းလင်းရေး လုပ်ငန်းများကို တာဝန်ယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ကျန်အချိန်များတွင် တံတားတည်ဆောက်ရေးမှ ရေယာဉ်ငယ် (၂) စီးဖြင့် လမ်းကြောင်း ရှင်းလင်းရေးလုပ်ငန်းများကို ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း မြန်မာ့ဆိပ်ကမ်းအာဏာပိုင်မှ သတိပေးချက် ထုတ်ပြန်ထားကြောင်း သိရသည်။
သတင်းနှင့်ဓာတ်ပုံ-နိုင်လင်းကျော်(ဒလ)