ရန်ကုန် ၁၄ မတ်
ရန်ကုန်မြို့မှ ကိုကိုးကျွန်းမြို့နယ်သို့ ဒုတိယအခေါက် ရေယာဉ်ပြေးဆွဲမှုအဖြစ် မတ် ၇ ရက်တွင် ရန်ကုန်မြို့မှ ထွက်ခွာသွားသော သဟာပတိရေယာဉ် နံနက် ၇ နာရီခန့်တွင် ရန်ကုန်မြို့ မြန်မာ့ကြယ်ငါးပွင့်သင်္ဘောလုပ်ငန်း သာကေတဆိပ်ခံတံတားသို့ ပြန်လည်ရောက်ရှိလာခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့(YRTA)ထံမှ သိရသည်။
“ကိုကိုးကျွန်းမှာနေတဲ့ ဒေသခံပြည်သူလူထုတွေ၊ ဝန်ထမ်းတွေနဲ့ ကိုကိုးကျွန်းဒေသ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အထောက်အကူဖြစ်စေဖို့ စီစဉ်ဆောင်ရွက်တဲ့ ဒီခရီးစဉ်ဟာ အခုလို အောင်အောင်မြင်မြင် ချောချောမွေ့မွေ့ သွားလာနိုင်တဲ့အတွက် ဝမ်းသာပီတိဖြစ်ရပါတယ်။ အသွားတုန်းက ဟိုမှာ မြို့နယ်မီးလင်းရေးအတွက်လိုအပ်တဲ့ ဒီဇယ်တွေ၊ ဆောက်လုပ်ရေး လုပ်ငန်းအတွက်လိုအပ်တဲ့ ပစ္စည်းတွေ၊ စားသောက်ကုန်တွေကို သယ်ယူပို့ဆောင်ပေးခဲ့ပြီး အပြန်မှာတော့ ဒေသထွက်ကုန်တွေကို ပြန်လည်သယ်ဆောင်လာခဲ့ပါတယ်” ဟု YRTA တွဲဖက်အတွင်း ရေးမှူး ဦးလှအောင်က ပြောသည်။
ရန်ကုန်-ကိုကိုးကျွန်းခရီးစဉ်တွင် လိုက်ပါကြသူများအား စီးနင်းခအခမဲ့ဖြစ်ပြီး ကုန်စည်များအတွက်လည်း တစ်စုံတစ်ရာ ကောက်ခံမှုမရှိသည့်အပြင် လမ်းခရီး၌လည်း သင်္ဘောမှ ထမင်းကျွေးကြောင်း သိရသည်။ ဆက်လက်ပြေးဆွဲမည့် ခရီးစဉ်များတွင် ခရီးသည်များထံမှ စီးနင်းခကောက်ခံသွားရန် အစီအစဉ် မရှိသေးသော်လည်း ကုန်စည်များ သယ်ယူပို့ဆောင်မှုအတွက်မူ သင့်တင့်လျောက်ပတ်သော အဖိုးအခ တစ်စုံတစ်ရာ ကောက်ခံရန် ညှိနှိုင်းတွက်ချက်မှုများ ဆောင်ရွက်နေကြောင်း YRTA မှ သိရသည်။
ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၏ စီမံမှုဖြင့် ဒေသခံပြည်သူများနှင့် တာဝန်ကျဝန်ထမ်းများ သွားလာမှု အဆင်ပြေစေရန်အတွက် ရန်ကုန်-ကိုကိုးကျွန်း ခရီးစဉ်အား ပြေးဆွဲပေးနေခြင်းဖြစ်ပြီး YRTA ၏ ရန်ပုံငွေမှ ခရီးစဉ်တစ်ခေါက်လျှင် ငွေကျပ်သိန်း ၂၀၀ စိုက်ထုတ်အကုန်အကျခံ ဆောင်ရွက်ပေးခြင်းဖြစ်ကြောင်း သိရသည်။ သဟာပတိရေယာဉ်၏ ဒုတိယမြောက် ကိုကိုးကျွန်းအသွားခရီးစဉ်တွင် ခရီးသည် ၃၁ ဦးလိုက်ပါခဲ့ပြီး အပြန်တွင် ၅၁ ဦး လိုက်ပါလာခဲ့ကြောင်း သိရသည်။
ထင်ပေါ်ဝင်း(ကမာရွတ်)၊ ဓာတ်ပုံ - ထိန်လင်း