ရန်ကုန် ကလေးဆေးရုံကြီး၌ ပထမဆုံးအကြိမ် ကျောက်ကပ်အစားထိုးကုသမှု အောင်မြင်စွာဆောင်ရွက်နိုင်ခဲ့

ရန်ကုန် ၂၇ ဇန်နဝါရီ 
ရန်ကုန် ကလေးဆေးရုံကြီးတွင် ယနေ့နံနက်ပိုင်းက မြန်မာ ဆရာဝန်များနှင့် စင်ကာပူ ဆရာဝန်များ ပူးပေါင်းကာ နာတာရှည် ကျောက်ကပ်ရောဂါ ဝေဒနာရှင် မိန်းကလေးငယ် တစ်ဦးအား ကျောက်ကပ် အစားထိုးကုသခြင်း လုပ်ငန်းကို အောင်မြင်စွာဆောင်ရွက်နိုင်ခဲ့သည်။

   "ဒီကနေ့ ခွဲစိတ်တာကတော့ ကလေးကျောက်ကပ် အစားထိုးကုသခြင်းလုပ်ငန်း ဖြစ်ပါတယ်။ ကျွန်မတို့ ရန်ကုန်ကလေးဆေးရုံကြီးမှာ ပထမဆုံးအကြိမ်ပြုလုပ်ခြင်း ဖြစ်ပါတယ်။ ဒီခွဲစိတ်ကုသမှုကို စင်ကာပူနိင်ငံ National  University Hospital မှ   ပါမောက္ခ Prabhakaran ဦးဆောင်တဲ့ ခွဲစိတ်ဆရာဝန်အဖွဲ့နဲ့  ရန်ကုန် ကလေးဆေးရုံကြီး ကလေးခွဲစိတ်ကု ပညာဌာန ပါမောက္ခ/ဌာနမှူး ဒေါက်တာ ဒေါ်အေးအေး၊  ရန်ကုန် ခုတင် ၅၀ဝ အထူးကုဆေးရုံကြီး ဆီးနှင့်ကျောက်ကပ် ခွဲစိတ်ကု ပညာဌာန ပါမောက္ခ/ဌာနမှူး ဒေါက်တာကျော်စွာလှိုင်၊  ဆေးတက္ကသိုလ်(၁)        မေ့ဆေးဌာန အတိုင်ပင်ခံပါမောက္ခ ဒေါက်တာ ကြည်ကြည်စန်း၊  ပါမောက္ခ/ဌာနမှူးဒေါက်တာမူမူနိုင်၊ ရန်ကုန်ကလေးဆေးရုံကြီး တာဝန်ခံ မေ့ဆေးဆရာဝန်ကြီး ဒေါက်တာမြစိုး၊ ရန်ကုန်ကလေးဆေးရုံကြီးမှ သူနာပြုဆရာမကြီး ဒေါ်တင်ယင်းမာနဲ့ အဖွဲ့တို့ ဦးဆောင် ခွဲစိတ်ပေးခဲ့ပါတယ်။ ဒီခွဲစိတ်မှုကို နိင်ငံတော်က အဓိကထောက်ပံ့ပေးခြင်း ဖြစ်ပါတယ်"ဟု ရန်ကုန်ကလေးဆေးရုံအုပ်ကြီး ဒေါက်တာဒေါ်စုစုထွေးက ပြောကြား ခဲ့သည်။

 

   အဆိုပါ ကျောက်ကပ်အစားထိုး ကုသမှုတွင် ကျောက်ကပ်အစားထိုးလက်ခံသည့် လူနာမှာ မြောက်ဥက္ကလာပမြို့နယ် ဦးနေအောင်၊ ဒေါ်ဌေးဌေးဝင်းတို့၏သမီး  တစ်ပတ်လျှင်သုံးကြိမ် ကျောက်ကပ်ဆေးနေရသော ကျောက်ကပ်ရောဂါ ဝေဒနာရှင် အသက် (၁၀) နှစ်ရှိ မနန်းယုဝေဖြစ်ပြီး  ၎င်းအား ကျောက်ကပ်ပေးလှူသူမှာ သူမ၏ အစ်ကိုအရင်းဖြစ်သူ အသက်(၂၃)နှစ်ရှိ ကိုအောင်ဇော်ဇော် ဖြစ်ကြောင်းသိရသည်။

 

"ဒီကျောက်ကပ် အစားထိုးဖို့လုပ်ငန်းကို လွန်ခဲ့တဲ့ ရှစ်လလောက်ကတည်းက ဆောင်ရွက်ခဲ့ရပါတယ်။ ကလေးကျောက်ကပ် အစားထိုးရာမှာ ကလေးကလေးချင်း အစား ထိုးလို့မရဘူး။ ကလေးကျောက်ကပ်ကို လူကြီးကျောက်ကပ် အစားထိုးရတာပါ။ သွေးအုပ်စုတွေ၊ တစ်သျှူးတွေ တူညီရပါတယ်။ ဒီကနေ့မှာဆိုရင် ကလေးကျောက်ကပ် အထူးကုဆရာဝန်တွေ၊ လူကြီးကျောက်ကပ်ဆရာဝန်တွေ၊ ခွဲစိတ်ဆရာဝန်တွေ၊ မေ့ဆေးဆရာဝန်တွေ၊ သွေးကြောဆိုင်ရာဆရာဝန်တွေ၊ ဓာတ်မှန်ဆရာဝန်တွေ ပါဝင်ပါတယ်။ စုစုပေါင်းအဖွဲ့(၅)ဖွဲ့နဲ့ဆောင်ရွက်တာဖြစ်ပါတယ်"ဟု ရန်ကုန်ကလေးဆေးရုံကြီး တွဲဖက်ပါမောက္ခ ဒေါက်တာဒေါ်ချိုချိုစန်းက ပြောကြားခဲ့သည်။

 

   အဆိုပါ ကျောက်ကပ်ခွဲစိတ်ရာတွင် ကျောက်ကပ်အလှူရှင်နှင့် လက်ခံသူ လူနာတို့၏ ကျန်းမာရေးစောင့်ရှောက်မှုကို  မခွဲစိတ်မီနှင့် ခွဲစိတ်ပြီးကာလအတွင်း  စင်ကာပူနိုင်ငံ National University  Hospitalမှ ပါမောက္ခ  Yap Hui Kim၊ ဆေး တက္ကသိုလ်(၁) ကလေးကျန်းမာပညာဌာန ပါမောက္ခ/ဌာနမှူး ဒေါက်တာရဲမြင့်ကျော်၊ ရန်ကုန်ကလေးဆေးရုံကြီး ကလေးကျောက်ကပ်ဌာနမှ တွဲဖက်ပါမောက္ခ ဒေါက်တာ ချိုချိုစန်း၊ ခုတင် ၅၀ဝ အထူးကုဆေးရုံကြီး ဆီးနှင့်ကျောက်ကပ်ကုသဌာန ပါမောက္ခဒေါက်တာဒေါ်ခင်သီတာသွင်တို့ ဦးဆောင်သော ကုသရေးအဖွဲ့မှ တာဝန်ယူဆောင်ရွက်ပေးခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

 

   မြန်မာနိုင်ငံတွင် ကလေးကျောက်ကပ်အစားထိုး ကုသမှုကို မန္တလေးမြို့ ခုတင် ၃၀ဝ ဆံ့ ကလေးဆေးရုံကြီးတွင် ၂၀၁၇ ခုနှစ် ဖေဖော်ဝါရီလမှ စတင်၍ သုံးကြိမ်တိုင်ပြုလုပ်ခဲ့ပြီး ရန်ကုန်မြို့၌ ပထမဆုံးအကြိမ် ပြုလုပ်ခြင်းဖြစ်ကြောင်း၊ ယင်းခွဲစိတ်မှုမှာ မြန်မာ့ကျန်းမာရေး သမိုင်းမှတ်တိုင်တစ်ခုလည်း ဖြစ်ကြောင်းသိရသည်။
    မြင့်မောင်စိုး ဓာတ်ပုံ တင်စိုး (မြန်မာ့အလင်း)