ကျုံပျော် ၂ ဇွန်
ကိုဗစ် - ၁၉ ကြောင့် တိုင်းကျော်ပြေးဆွဲခွင့် ရပ်နားထားခဲ့ရသည့် ရန်ကုန် - ကျုံပျော် ခရီးသည်တင် Express ကားကြီးများ ဇွန် ၂ ရက်က ပြန်လည်စတင်ပြေးဆွဲပြီဖြစ်ကြောင်း သိရသည်။
ထိုသို့ပြေးဆွဲရာတွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက အဝေးပြေးယာဉ်လိုင်းများအတွက် ထုတ်ပြန်ထားသည့် ကိုဗစ် - ၁၉ ကာကွယ်ရေး နည်းလမ်းများနှင့်အညီ ယာဉ်လိုင်းပိုင်ရှင်၊ ယာဉ်ဝန်ထမ်း နှင့် ခရီးသွားပြည်သူများ လိုက်နာဆောင်ရွက်ကြရမည်ဖြစ်ကြောင်း သိရသည်။
အခုလို ကားကြီးတွေ ပြန်ပြီးဆွဲပေးတာကျွန်မတို့ ခရီးသွားမယ့်သူတွေအတွက် အဆင်ပြေပါတယ် ။ နှစ်ယောက် ထိုင်ခုံမှာ တစ်ဦးတည်းထိုင်ရတဲ့အတွက် ကားခနှစ်ဆ ပေးရပါတယ်၊ ဒါပေမယ့် သက်တောင့် သက်သာရှိပြီး ရောဂါကာကွယ်ရေးနည်းလမ်းနဲ့ ကိုက်ညီတယ်လို့ထင်ပါတယ်။ အရင်ရက်က ရန်ကုန်သွားတဲ့ သူတွေဆိုရင် အိမ်စီးကားအသေးလေးတွေနဲ့ သွားရပြီး ဈေးနှုန်းလည်းမြင့်ခဲ့တယ်။ အခုကားကြီးတွေက ဈေးနှုန်းလဲ အဆင်ပြေတယ်၊ တစ်ဦးနဲ့တစ်ဦး အလှမ်းကွာတဲ့အတွက် ရောဂါကာကွယ်မှုအတွက် ပိုပြီး ထိရောက်တယ်လို့ မြင်ပါတယ်" ဟု ခရီးသွားလာသူတစ်ဦးက ပြောသည်။
ကျုံပျော်မှ ရန်ကုန်သို့ပြေးဆွဲသည့် မော်တော်ယာဉ်လိုင်း(၅) လိုင်းရှိပြီး၊ ယနေ့တွင် လိုင်းများအားလုံး ပြန်လည်ဖွင့်လှစ် ပြေးဆွဲခဲ့ကြောင်း၊ ခရီးသည်တစ်ဦးအတွက် ယခင်ဈေးနှုန်း ၃၀ဝ၀ ကျပ်အစား ယခု ထိုင်ခုံနှစ်ခုံလျှင် တစ်ဦးဖြစ်သည့်အတွက် ငွေ ၆၀ဝ၀ ကျပ် ဖြင့်ရောင်းချခဲ့ကြကြောင်း၊ ကားကြီးများ ပြန်လည်ပြေးဆွဲသည့် ယနေ့တွင်ခရီးသည်သွားရောက်မှု များပြားသည်ကိုတွေ့ရပြီး အများစုက လုပ်ငန်းခွင် ပြန်လည်ဝင်ရောက်မည့်သူများဖြစ်ကြောင်း သိရသည်။
နေဝင်းမြင့်(ပြန်/ဆက်)


