ရန်ကုန်  နိုဝင်ဘာ ၁

 

တိုင်းဒေသကြီးနှင့် ပြည်နယ် ၉ ခုရှိ မြို့နယ်ပေါင်း ၄၆ မြို့နယ်မှ အခြေခံပညာ ကျောင်းများမှအပ ကျန်မြို့နယ်အား လုံးတွင်ရှိသော အခြေခံပညာဦးစီးဌာနအောက်ရှိ အခြေခံပညာကျောင်းများ၊  ပုဂ္ဂလိက ကျောင်းများနှင့် ဘုန်းတော်ကြီးသင် ပညာရေးကျောင်းများကို ယနေ့ ပြန်လည်ဖွင့်လှစ်ခဲ့သည်။

 

ရန်ကုန်မြို့၏ ခရိုင်လေးခုအတွင်းရှိ အခြေခံပညာကျောင်းများနှင့် ဘုန်းတော်ကြီးသင် ပညာရေးကျောင်းများကိုလည်း ယနေ့နံနက်ပိုင်းတွင် ဖွင့်လှစ်ခဲ့ရာ မြောက်ပိုင်းခရိုင် အတွင်း၌ ကျောင်းသား၊ ကျောင်းသူ ၄၀ ဒသမ ၃၄ ရာခိုင်နှုန်း တက်ရောက်ပညာသင်ကြားခဲ့ကြသည်။

 

ရန်ကုန်တိုင်းဒေသကြီးတွင် ကျောင်းသားဦးရေအများဆုံးပညာ သင်ကြားလျက်ရှိသည့် မြောက်ပိုင်းခရိုင်၌ မြို့နယ်ပေါင်း ၉ မြို့နယ်ရှိရာ စာသင်ကျောင်းပေါင်း (၁၁၉၂)‌ ကျောင်းနှင့် ကျောင်းသား၊ ကျောင်းသူပေါင်း (၄၉၆၇၅၃) ဦးရှိသည့်အနက် ကျောင်းများ စတင်ဖွင့်လှစ်သည့်အချိန်က ကျောင်းသား၊ ကျောင်းသူ (၂၄၄၁၇၃) ဦးအပ်နှံခဲ့ပြီး (၉၈၅၀၇) ဦး တက်ရောက်ခဲ့သည်။

 

“ဒီနေ့မှာ နိုင်ငံတစ်ဝန်းက ကျောင်းတွေဖွင့်တဲ့အတွက် မြောက်ပိုင်းခရိုင်အတွင်းက ကျောင်းတွေအားလုံးလည်း ဖွင့်ပါတယ်။ ကျောင်းသား/ ကျောင်းသူတွေအနေနဲ့ ကိုဗစ် ကာလမှာ ကျောင်းပိတ်ထားတာကြောင့် စာသင်ခန်းနဲ့ဝေးပြီး ကျန်းမာရေးအတွက် စိတ်ပူနေတဲ့အချိန်မှာ နိုင်ငံတော်ကကျောင်းတွေ ပြန်ဖွင့်နိုင်မှုအပေါ် တက်တက်ကြွကြွနဲ့ ကျောင်းတက်ကြတာတွေ့ရတော့ အားလုံးဝမ်းသာနေကြပါတယ်။ ကျွန်တော်တို့ အနေနဲ့လည်း ပီတိဖြစ်ပြီး ဝမ်းသာမိပါတယ်”ဟုမြောက်ပိုင်းခရိုင်အုပ်ချုပ်ရေးမှုး ဦးသန့်ဇင်က ပြောကြားသည်။

 

mdn

 

 “ကျောင်းပိတ်ခဲ့တာကလည်း ကမ္ဘာ့ကပ်ရောဂါကြောင့် ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ချက်နဲ့အညီ ပိတ်ခဲ့တာပါ။ အခုလိုကျောင်းတွေ ပြန်ဖွင့်နိုင်ဖို့ ပြီးခဲ့တဲ့လကတည်းက အားလုံးဝိုင်းဝန်း ပူးပေါင်းဆောင်ရွက်ခဲ့ကြတာပါ။ ပညာရေးယန္တရား ဆက်လက်လည်ပတ်မှုအပေါ် အထူးပဲ ဝမ်းမြောက်မိပါတယ်။ ကလေးတွေအတွက် ရှေ့ဆက်မယ့်ပညာရေးခရီး ရပ်တန့်သွားမှာကိုပဲ စိုးရိမ်ရတာပါ။ အခုလိုကျောင်းတွေ ပြန်ဖွင့်နိုင်မှုအပေါ် အထူးပဲဝမ်းသာမိပါတယ်”ဟု မြောက်ပိုင်းခရိုင် ပညာရေးမှူး ဒေါက်တာ သင်းမာလာက ပြောသည်။

 

ရန်ကုန်မြို့သည် မြန်မာနိုင်ငံ၏ စီးပွားရေးမြို့တော်တစ်ခုဖြစ်သည်နှင့်အညီ ပညာသင်ကြားရေး ကျောင်းများအများဆုံး တည်ရှိရာ မြို့တစ်မြို့ဖြစ်ပြီး ၂၀၂၁ ခုနှစ်၊ ဇူလိုင် (၈) ရက် နေ့တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်ရေးဆောင်ရွက်မှုဖြင့် ကျောင်းများ ယာယီပိတ်ခဲ့၍ ယနေ့တွင် ကျောင်းသား၊ ကျောင်းသူများ မျှော်လင့်နေသော စာသင်ကျောင်းများ ပြန်လည်ဖွင့်လှစ် နိုင်ခဲ့ခြင်းဖြစ်သည်။ မြောက်ပိုင်းခရိုင်တွင် တက္ကသိုလ်၊ ကောလိပ်နှင့် နည်းပညာတက္ကသိုလ် ကျောင်းပေါင်း (၁၀) ခုရှိပြီး အခြေခံပညာကျောင်းနှင့် ဘုန်းတော်ကြီး သင်ပညာရေးကျောင်းပေါင်း(၁၁၉၂)ကျောင်းရှိသည်။

 

ဓာတ်ပုံ - ကနူး

ညိမ်းသူ (သတင်းစဉ် )