မြိတ် ၊ ၄ ဖေဖော်ဝါရီ
ခရီးသွားပြည်သူများ သွားလာရေး အဆင်ပြေချောမွေ့စေရန်အတွက် ရန်ကုန်-မြိတ်-ရန်ကုန် လေကြောင်းခရီးစဉ်ကို ဖေဖော်ဝါရီလ(၄)ရက်နေ့တွင် ပုံမှန်ခရီးစဉ်များအား ကိုဗစ်-၁၉ ကာကွယ်ရေး လမ်းညွှန်ချက်နှင့်အညီ ပြန်လည်ပြေးဆွဲလျက်ရှိကြောင်း သိရသည်။
“ မြန်မာအမျိုးသားလေကြောင်းအနေနဲ့ လက်ရှိ ကိုဗစ်-၁၉ ကာလမှာ ခရီးသွားမိဘပြည်သူများ လေ ကြောင်း ခရီးသွားလာရာတွင် အဆင်ပြေချောမွေ့စေရန်အတွက် ရန်ကုန်-မြိတ်-ရန်ကုန် တိုက်ရိုက် ခရီးစဉ်ကို Embraer -190 လေယာဉ်ဖြင့် နေ့စဉ် ပျံသန်းပြေးဆွဲပေးသွားမှာ ဖြစ်ပါတယ်။ ခရီးသည်များ လုံခြုံစိတ်ချစွာ ခရီးသွားလာနိုင်ဖို့အတွက် ကျန်းမာရေးဝန်ကြီးဌာနမှ ချမှတ်ထားတဲ့ လမ်းညွှန်ချက်တွေနဲ့အညီ ဝန်ဆောင်မှု ပေးသွား မှာ ဖြစ်ပါတယ်” ဟု မြန်မာအမျိုးသားလေကြောင်း မြိတ်ဌာနခွဲ မန်နေဂျာ ဦးထွန်းလှအောင်က ပြောသည်။
လေယာဉ်လက်မှတ်များကို မြိတ်-ရန်ကုန် ခရီးစဉ်အတွက် ငွေကျပ် ၆၁၀ဝ၀ နှုန်းဖြင့် ရောင်းချပေးလျှက် ရှိပြီး ခရီးသွားပြည်သူများအနေဖြင့် မိမိတို့ သွားရောက်လိုသည့် နေ့ရက်များအတွက် လေယာဉ်လက်မှတ်များကို မြန်မာအမျိုးသားလေကြောင်း မြိတ်ဌာနခွဲရုံးနှင့် လက်မှတ်အရောင်း ကိုယ်စားလှယ်များတွင် ဝယ်ယူနိုင်ပါကြောင်း သိရသည်။
ခရီးသွားပြည်သူများ လေကြောင်းခရီးသွားလာရာတွင် ကိုဗစ်-၁၉ ကင်းစင်ကြောင်း (၃၆)နာရီအတွင်း စစ်ဆေးမှု ထောက်ခံချက် ယူဆောင်လာရမည်ဖြစ်ကြောင်း၊ မြိတ်မြို့ရှိ ခရီးသွားပြည်သူမျာအား ရန်ကုန်-မြိတ်-ရန်ကုန် လေကြောင်းခရီးစဉ်ကို မြန်မာအမျိုးသား လေကြောင်းလိုင်းအပြင် Air KBZ လည်း ပြေးဆွဲ လျက်ရှိကြောင်း သိရသည်။
ခိုင်ထူး ( မြိတ် ပြန်/ဆက် )


