မြိတ်   နိုဝင်ဘာ   ၁၉

 

ခရီးသွားပြည်သူများ သွားလာ‌ရေး အဆင်ပြေချောမွေ့စေရန် ရန်ကုန်-မြိတ်-ရန်ကုန် လေကြောင်းခရီးစဉ်ကို နိုဝင်ဘာ ၁၉ ရက်တွင် ကျန်းမာရေးဆိုင်ရာ စံသတ်မှတ်ချက်များနှင့် ကိုဗစ်-၁၉ ကာကွယ်ရေး လမ်းညွှန်ချက်နှင့်အညီ ပြန်လည်ပြေးဆွဲပေးပြီဖြစ်ကြောင်း သိရသည်။

 

လေယာဉ်လက်မှတ် ဈေးနှုန်းအနေဖြင့် မြိတ်-ရန်ကုန်ခရီးစဉ်အတွက် ၆၁၀၀၀ ကျပ်မှ ၁၀၀၁၀၀၀ ကျပ် အထိရှိပြီး ခရီးသွားပြည်သူများအနေဖြင့် မိမိတို့သွားရောက်လိုသည့် နေ့ရက်များအတွက် လေယာဉ် လက်မှတ်များကို မြန်မာအမျိုးသားလေကြောင်း မြိတ်ဌာနခွဲရုံးနှင့် လက်မှတ် အရောင်း ကိုယ်စားလှယ်များ၌ ဝယ်ယူနိုင်ကြောင်း၊ ခရီးသည်များ အဆင်ပြေစေရေးအတွက် ခရီးသွားလာမှု များသည့်နေ့များတွင် ခရီးစဉ် တစ်ခေါက်မှ နှစ်ခေါက်ထိ တိုးမြင့်ပျံသန်း ပြေးဆွဲပေးသွားမည် ဖြစ်ကြောင်း သိရသည်။

 

ခရီးသွားပြည်သူများ လေကြောင်းခရီးသွားလာရာတွင် ခရီးသွားမည့်နေ့မတိုင်မီ ၄၈ နာရီအတွင်း ကိုဗစ် ကင်းစင်ကြောင်း ဆေးစစ်ဆေးမှု ထောက်ခံချက် ယူဆောင်လာရမည်ဖြစ်ကြောင်း၊ ဆေးစစ်မှု ထောက်ခံချက်ကို ကန်ခေါင်းရပ်ကွက် ပြည်သူ့ဆေးရုံနှင့် တပ်မတော်ဆေးရုံတွင် စစ်ဆေးရန် သတ်မှတ် ထားကြောင်း၊ ရန်ကုန်-မြိတ်-ရန်ကုန် လေကြောင်းခရီးစဉ်ကို မြန်မာအမျိုးသားလေကြောင်းလိုင်း အပြင် Air KBZ နှင့် MAI လေကြောင်းလိုင်းလည်း ပျံသန်းပြေးဆွဲလျက်ရှိကြောင်း သိရသည်။

 

ခိုင်ထူး(ပြန်/ဆက်)