မကွေး၊ ၂၉ ဒီဇင်ဘာ
ကိုဗစ်ဒုတိယလှိုင်းတွင် ရက်ပေါင်း ၉၀ ခန့်ကြာ ရပ်နားထားခဲ့ရသည့် ရန်ကုန်-မကွေး-စစ်တွေ ကျွန်းပတ် လေယာဉ်ခရီးစဉ်များကို ၂၀၂၁ ခုနှစ် ဇန်နဝါရီ ၁ရက် မှစ၍ ပြန်လည်ပြေးဆွဲတော့မည်ဖြစ်ပြီး မကွေးမြို့သို့ရောက်ရှိလာသူများနှင့် မကွေးမြို့မှ ထွက်ခွာမည့် ခရီးသည်များအတွက် ကိုဗစ်-၁၉ဆိုင်ရာ စည်းကမ်းများ သတ်မှတ်ထားကြောင်း MNA မကွေးကိုယ်စားလှယ်ထံမှ သိရသည်။
Stay at Home နေရာမှ မကွေးသို့လာလျှင် Home Quarantine ၇ ရက်ဝင်ရမည်ဖြစ်ပြီး မကွေးမှ ခရီးသည်များမှာ ထွက်ခွာမည့်အချိန်ထက် ၂ ရက်စော၍ မကွေးမြို့၊ မကြီးကန်ကျေးရွာအနီးရှိ ကိုဗစ်စစ်ဆေးရေးအခြေစိုက်နေရာ၌ နံနက် ၈ နာရီမှ မွန်းတည့် ၁၂ နာရီအတွင်း ကျန်းမာရေးစစ်ဆေးခံယူရမည်ဖြစ်ကြောင်း ၊ ခရီးမထွက်ခွာမီ ၃၆ နာရီအတွင်း Negative အဖြေထွက်မှ လေယာဉ်စီးခွင့်ပြုမည်ဖြစ်ကြောင်း စည်းကမ်းများ သတ်မှတ်ထားကြောင်း သိရသည်။
“ခရီးစဉ်နဲ့ပတ်သက်ပြီး တိုင်းအစိုးရကို တင်ပြပါတယ်။ တိုင်းအစိုးရက ကျန်းမာရေးနဲ့ ညှိနှိုင်းပြီး ခွင့်ပြုပါတယ်။ လုပ်ဆောင်မယ့် အခြေအနေတွေကိုလည်း MNA ရုံးချုပ်ကို တင်ပြထားပြီးပါပြီ။ ဆိုက်ရောက် ထွက်ခွာ ခရီးသည်အားလုံးကို သတ်မှတ်စည်းကမ်းနဲ့အညီ စနစ်တကျစစ်ဆေးမှာပါ ” ဟု မြန်မာအမျိုးသားလေးကြောင်းလိုင်း MNA မကွေးကိုယ်စားလှယ် ဦးစံထွေး က ပြောပြသည်။
အရေးပေါ်အခြေအနေအရ ကြိုတင်လက်မှတ်မဝယ်ဘဲ Go Show စီးမည့်သူများအနေဖြင့် လေယာဉ်ကွင်းချိန်းကို ၃ နာရီစော၍ လာရန်လိုအပ်ပြီး RDT ဖြင့် စစ်ဆေးမှုအောင်မြင်မှ လိုက်ပါခွင့်ရမည်ဖြစ်ကြောင်း၊ ဆက်သွယ်နိုင်ရန် Immigration Arrival Form တွင် ဖုန်းနှင့်နေရပ်လိပ်စာ အတိအကျ ဖြည့်ရမည်ဖြစ်ကြောင်း သိရသည်။
“စစ်ဆေးခက ဝန်ထမ်းဆိုရင် ကုန်ကျစရိတ်မရှိဘူး။ ပုံမှန်ခရီးသည်ဆိုလျှင် RDT စစ်ဆေးခ တစ်သောင်းကျပ် ကျမယ်။ မကွေးကို ရောက်လာတဲ့ခရီးသည် Home Quarantine ဝင်နေတုန်း ဖျားနာလို့ NHL ကို Swab ပို့ရမယ်ဆိုရင် ငါးသောင်းကျပ်လို့ သိရပါတယ်။ နိုင်ငံခြားသား နဲ့ NGO / INGO အတွက်လည်း သတ်မှတ်ချက်တွေ ရှိပါတယ်” ဟု ဦးစံထွေး က ဆက်လက်ပြောပြသည်။
လေယာဉ်ခရီးစဉ်များကို ယခင်က ရက်သတ္တ တစ်ပတ်လျှင် တနင်္လာ၊ ဗုဒ္ဓဟူးနှင့် သောကြာ သုံးရက်ပြေးဆွဲပေးခဲ့သော်လည်း ယခု ပြေးဆွဲမည့်ရက်ကို ညွှန်ကြားချက်မရသေးကြောင်း၊ ပုံမှန်ပြေးဆွဲစဉ်က ရန်ကုန်-မကွေး အသွားအပြန်ခရီးစဉ်တွင် ပျမ်းမျှခရီးသည် ၂၀ ဦးခန့် အတင်အချရှိပြီး မကွေး-အမ်း-စစ်တွေ လမ်းကြောင်း၌ အသွားအပြန် ၃၀ ဦးခန့်ရှိကြောင်း သိရှိရသည်။
ဇေယျတု(မကွေး)


