ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး အဆင့်မြှင့်တင်ရန် နိုင်ငံတကာချေးငွေနှင့် အထူးရန်ပုံငွေများရရှိရေး ညှိနှိုင်းဆောင်ရွက်လျက်ရှိ

နေပြည်တော် ၂၅ ဇန်နဝါရီ

 

ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး အဆင့်မြှင့်တင်ရန်အတွက် ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စု ရန်ပုံငွေအပြင် သီးသန့်အထူးဦးစားပေး အစီအစဉ်ဖြစ်သော နိုင်ငံတကာချေးငွေနှင့် အထူးရန်ပုံငွေများ ရရှိရန်အတွက် ညှိနှိုင်းဆောင်ရွက်လျက်ရှိပြီး Public Private Partnership စနစ်ဖြင့်လည်း ဆောင်ရွက်ရန် လျာထားလျက်ရှိတယ်လို့ ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်လင်းက ပြောပါတယ်။

 

ဒုတိယအကြိမ် အမျိုးသားလွှတ်တော် သတ္တမပုံမှန်အစည်းအဝေး ဆဋ္ဌမနေ့ကို ယနေ့နံနက် ၁၀ နာရီမှာ ကျင်းပခဲ့ပါတယ်။

 

အစည်းအဝေးတွင် ချင်းပြည်နယ် မဲဆန္ဒနယ်အမှတ် (၁၀)မှ ဦးလားလ်မင်းထန်၏ ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးကို အထူးဦးစားပေးအနေဖြင့် ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် မကုန်မီ အပြီးသတ် ကတ္တရာထပ်ပိုးလွှာခင်းပေးရန် အစီအစဉ်ရှိ မရှိ မေးမြန်းမှုကို ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်လင်းက ပြန်လည်ဖြေကြားခဲ့ခြင်း ဖြစ်ပါတယ်။

 

ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးကို ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်အထိ ၂၅ ပေအကျယ် ကတ္တရာထပ်ပိုးလွှာ ခင်းခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ပြီး ၁၄၉ မိုင် ၅ ဖာလုံ ပြီးစီးခဲ့ကာ ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်မှာတော့ ၂၅ ပေအကျယ် ကတ္တရာထပ်ပိုးလွှာ ခင်းခြင်းလုပ်ငန်းအား ၁၃ မိုင် ၇ ဖာလုံ ဆက်လက်ဆောင်ရွက်မှာ ဖြစ်တယ်လို့ ဒုတိယဝန်ကြီးက ပြောပါတယ်။

 

၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ်ကုန်မှာတော့ ကတ္တရာထပ်ပိုးလွှာခင်းရန် ၅၆၉ မိုင် ကျန်ရှိမှာဖြစ်တယ်လို့ ဆိုပါတယ်။

 

ထို့ပြင် ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး၏ မိုင်တိုင် ဝ မှ ၃၉ အထိ ရန်ကုန်-ဘောနတ်ကြီးအပိုင်းတွင် လက်ရှိကွန်ကရစ်လမ်းကို ကတ္တရာ ကွန်ကရစ်ထပ်ပိုးလွှာခင်းခြင်း၊ အတွင်းအပြင် လမ်းပခုံး စုစုပေါင်းအကျယ် ၂ ဒသမ ၅ မီတာကို ကတ္တရာကွန်ကရစ်လမ်းခင်းခြင်း၊ ဘောနတ်ကြီးတွင် Interchange တစ်ခု ဆောက်လုပ်ခြင်းနှင့် လမ်းတစ်လျှောက် ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ် ကင်းရှင်းရေးလုပ်ငန်း ဆောင်ရွက်ခြင်းတို့ကို ၂၀၁၈ ဘဏ္ဍာနှစ်မှ ၂၀၂၀ ဘဏ္ဍာနှစ်အတွင်း အာရှဖွံ့ဖြိုးရေးဘဏ် (ADB) ချေးငွေ၊ အာဆီယံအဆောက်အအုံ ရန်ပုံငွေအဖွဲ့(AIF) ချေးငွေတို့ဖြင့် ဆောင်ရွက်နိုင်ရန် ပြည်ထောင်စုအစိုးရအဖွဲ့ စီးပွားရေးကော်မတီမှ ခွင့်ပြုချက်ရရှိပြီးဖြစ်၍ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ပြည်ထောင်စုအစိုးရအဖွဲ့ အစည်းအဝေးသို့ ဆက်လက်တင်ပြထားတယ်လို့လည်း ဒုတိယဝန်ကြီး ဦးကျော်လင်းက ပြောပါတယ်။

 

အဆိုပါ တင်ပြချက်အား ပြည်ထောင်စုအစိုးရအဖွဲ့အစည်းအဝေးမှ အတည်ပြုချက်ရရှိပါက ပြည်ထောင်စုလွှတ်တော်သို့ ဆက်လက်တင်ပြသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

 

ရန်ကုန်-မန္တလေး အမြန်လမ်းသည် လမ်းအရှည် ၃၆၆ မိုင် ၃ ဖာလုံရှိပြီး အသွားအပြန် ၇၃၂ မိုင် ၆ ဖာလုံရှိကာ မြန်မာနိုင်ငံရဲ့ အရေးပါတဲ့ လမ်းမကြီးတစ်ခုလည်း ဖြစ်ပါတယ်။

 

မျိုးထက်ဦး(MDN)