ရန်ကုန် ၁၈ ဧပြီ

 

ကိုရိုနာဗိုင်းရပ်စ်ရောဂါ ကူးစက်ပျံ့နှံမှုကြောင့် ရန်ကုန်တိုင်းဒေသကြီးနှင့် မန္တလေးတိုင်းဒေသကြီးတို့အတွင်း အသွားအလာ ကန့်သတ်မှုများ ပြုလုပ်ထားရာ ရန်ကုန်-မန္တလေး အမြန်ရထားခရီးစဉ်များကို အချိန်ပြောင်းလဲ ပြေးဆွဲမည်ဖြစ်ကြောင်း မြန်မာ့မီးရထားမှ သိရသည်။

 

လက်ရှိတွင် ရန်ကုန်-မန္တလေး ခရီးစဉ်ကို ပြေးဆွဲပေးလျက်ရှိသော အမှတ် (၁၁) အဆန်ရထားနှင့် အမှတ် (၁၂) အစုန်ရထားတို့၏ ခရီးဆုံးဘူတာများသို့ ရောက်ရှိချိန်များမှာ ရန်ကုန်တိုင်းဒေသကြီးနှင့် မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့တို့မှ ကန့်သတ်ထားသည့် အချိန်ထက် ကျော်လွန်နေသဖြင့် ဧပြီလ ၁၉ ရက်နေ့မှစတင်ကာ အမှတ် (၁၁) အဆန်နှင့် အမှတ် (၁၂) အစုန်ရထားများအစား အမှတ် (၃) အဆန်နှင့် အမှတ် (၄) အစုန်ရထားများကို ပြောင်းလဲ ပြေးဆွဲမည်ဖြစ်ကြောင်း သိရသည်။

 

အမှတ် (၃) အဆန်အမြန်ရထားသည် ရန်ကုန်မှ ညနေ ၃ နာရီ ၄၅ မိနစ်တွင် စတင်ထွက်ခွာမည့်ဖြစ်ပြီး မန္တလေးသို့ နောက်တစ်နေ့နံနက် ၉ နာရီတွင် ရောက်ရှိမည်ဖြစ်သည်။  ထို့အတူ အမှတ် (၄) အစုန်အမြန် ရထားသည် မန္တလေးမှ ညနေ ၄ နာရီ ၃၀ မိနစ်တွင် ထွက်ခွာမည်ဖြစ်ပြီး ရန်ကုန်သို့ နောက်တစ်နေ့နံနက် ၁၀ နာရီတွင် ရောက်ရှိမည်ဖြစ်ကြောင်း သိရသည်။

 

အချိန်ပြောင်းလဲပြေးဆွဲမည့် ရန်ကုန်-မန္တလေး အမြန်ရထားများသည် လမ်းဘူတာများဖြစ်သည့် တိုးကြောင် ကလေး၊ ပဲခူး၊ ဒိုက်ဉီး၊ ပြွန်တန်ဆာ၊ ညောင်လေးပင်၊ ပိန်းဇလုပ်၊ ကျောက်တံခါး၊ ပဲနွယ်ကုန်း၊ ကညွတ်ကွင်း၊ ဖြူး၊ ဇေယျဝတီ၊ တောင်ငူ၊ ရေတာရှည်၊ ဆွာ၊ မြို့လှ၊ ရေနီ၊ သာဝတ္ထိ၊ ဧလာ၊ ပျဉ်းမနား၊ နေပြည်တော်၊ တပ်ကုန်း၊ ရမည်းသင်း၊ ပျော်ဘွယ်၊ ညောင်ရမ်း၊ သာစည်၊ သဲတော၊ မြစ်သားနှင့် ကျောက်ဆည်ဘူတာတို့တွင် ရပ်တန့်ပေးမည်ဖြစ်ကြောင်း သိရသည်။

 

ရန်ကုန်-မန္တလေး အမှတ်(၃) အဆန်နှင့် အမှတ်(၄) အစုန်တို့ကို ဧပြီလ ၃၀ ရက်နေ့အထိ နေ့စဉ်ပြေးဆွဲပေး မည်ဖြစ်ပြီး အချိန်စာရင်း ထပ်မံပြောင်းလဲပါက မြန်မာ့မီးရထားမှ ကြိုတင်အသိပေး ကြေညာမည်ဖြစ်ကြောင်း သိရသည်။

ထင်ပေါ်ဝင်း(ကမာရွတ်)၊

ဓာတ်ပုံ - မြန်မာ့မီးရထား