ရန်ကုန်-မန္တလေး ကားလမ်းဟောင်း၌ ယာဉ်နှစ်စီး မျက်နှာချင်းဆိုင်တိုက်မှုဖြစ်ပွား

ကျောက်တံခါး ၂၅ မေ


ပဲခူးတိုင်းဒေသကြီး ကျောက်တံခါးမြို့နယ် တောကျွဲအင်း (ခ) အောင်မြင်နယ်မြေရဲစခန်းအပိုင် ရန်ကုန်-မန္တလေး ကားလမ်းဟောင်း မိုင်တိုင်အမှတ် ၁၁၃/ဝ နှင့် ၁ အကြား အောင်ချမ်းသာ ကျေးရွာအနီး၌ ယနေ့ မွန်းလွဲ ၁ နာရီက ယာဉ်နှစ်စီး မျက်နှာချင်းဆိုင်တိုက်မှု ဖြစ်ပွားခဲ့သည်။


ဖြစ်စဉ်မှာ ရန်ကုန်ဘက်မှ မန္တလေးဘက်သို့ ထွန်းခိုင် (၂၉) နှစ်၊ မြို့မအနောက်ရပ်ကွက် ဖြူးမြို့နေသူ မောင်းနှင်ပြီး မင်းသူအောင်(၂၅)နှစ်၊ ယာဉ်နောက်လိုက် ဖြူးမြို့နေသူ စီးနင်းလိုက်ပါပြီး တင်လဲရည်များ တင်ဆောင်လာသည့် ယာဉ်အမှတ် YGN-5B×××× အစိမ်းရောင်ဆီ ဘောက်ဆာယာဉ်သည်ရှေ့မှ ယာဉ်အား ကျော်တက်လိုက်စဉ် တစ်ဖက်ယာဉ်ကြောသို့ ရောက်ရှိသွားပြီး မန္တလေးဘက်မှ ရန်ကုန်ဘက်သို့ ယာဉ်မောင်းဖြိုးဇော်အောင် (၃၆)နှစ် လေးမိုင်ကျောက်ထုတ်လုပ်ရေး၊ တောင်ငူမြို့နေသူ မောင်းနှင်၍ ထက်အာကာလွင်(၁၆)နှစ် (လိပ်စာတူ) စီးနင်းလိုက်ပါပြီး ကျောက်စရစ်များ တင်ဆောင်မောင်းနှင်လာသည့် ယာဉ်အမှတ် BGO-5J××××FAW အမျိုးအစား အပြာရောင်ယာဉ်အား မျက်နှာချင်းဆိုင် ဝင်ရောက်တိုက်မိခြင်းဖြစ်သည်။


ဖြစ်စဉ်တွင် ဆီဘောက်ဆာယာဉ်မောင်း ထွန်းခိုင်နှင့် ယာဉ်နောက်လိုက် မင်းသူအောင်တို့တွင် ပေါက်ပြဲဒဏ်ရာများရရှိပြီး ကျောက်စရစ်များ တင်ဆောင်ထားသော FAW ယာဉ်မောင်းဖြိုးဇော်အောင်နှင့် ယာဉ်ပေါ်ပါ ထက်အာကာလွင်တို့တွင်လည်း ပေါက်ပြဲဒဏ်ရာများ ရရှိကာ အောင်မြင်တိုက်နယ်ဆေးရုံသို့ ပို့ဆောင်ခဲ့ရပြီး ယာဉ်နှစ်စီးလုံး ဦးခေါင်းပိုင်း ပိန်ချိုင့်ပျက်စီးခဲ့သည်။

    
ဖြစ်စဉ်နှင့်ပတ်သက်ပြီး ကျောက်တံခါးမြို့နယ် တောကျွဲအင်း (ခ) အောင်မြင်နယ်မြေရဲစခန်းမှ ယာဉ်မောင်းထွန်းခိုင်အား အမှုဖွင့်အရေးယူ ဆောင်ရွက်ထားကြောင်း သိရသည်။


ခင်ကို(ကျောက်တံခါး)

 

1