ရေတာရှည် ၂၁ ဇူလိုင်
ပဲခူးတိုင်းဒေသကြီး၊ ရေတာရှည်မြို့နယ်၊ မြို့လှမြို့တောင်ဘက် ၃ မိုင်ခန့်အကွာ ရန်ကုန်- မန္တလေး ကားလမ်းတွင် ယနေ့နံနက် ၇ နာရီခွဲခန့်က ၁၈ ဘီး ဆီဘောက်ဆာယာဉ် တိမ်းမှောက်မှုဖြစ်ပွားခဲ့ပြီး ယာဉ်တစ်စီးလုံး မီးလောင်ကျွမ်းခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ ရန်ကုန်ဘက်မှ မန္တလေးဘက်သို့ သန်းစိုး ၄၅ နှစ်၊ မလှိုင်မြို့နေသူ မောင်းနှင်ပြီး တစ်မြို့တည်းနေ တင်အောင်မိုး ၃၆ နှစ်တို့ လိုက်ပါလာသည့် ဖူဆို ၁၈ ဘီး ဆီဘောက်ဆာယာဉ်သည် မြို့လှမြို့ တောင်ဘက် ၃ မိုင်ခန့်အကွာ ရန်ကုန်-မန္တလေး ကားလမ်း မိုင်တိုင် ၁၉၄/၃ နှင့် ၄ အကြား ကားလမ်းအကွေ့အရောက် အရှိန်လွန်တိမ်းမှောက်သွားခဲ့ပြီး ကိုက် ၂၀ ခန့် ရွေ့လျားသွားခဲ့ခြင်း ဖြစ်သည်။
ယာဉ်တိမ်းမှောက်သွားသော ယာဉ်နှင့် ကတ္တရာလမ်းတို့ ပွတ်တိုက်သည့်အရှိန်ဖြင့် မီးစတင်လောင်ကျွမ်းခဲ့ခြင်းဖြစ်ပြီး မြို့လှ နယ်မြေရဲစခန်းမှ စခန်းမှူးရဲအုပ် သန်းဝင်း ဦးစီးရဲတပ်ဖွဲ့ဝင်များ၊ ရေတာရှည်၊ ဆွာ၊ သာဂရ၊ မြို့လှ၊ အမြန်လမ်း မီးသတ်စခန်းများမှ မီးသတ်ယာဉ် ၇ စီးဖြင့် ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ရာ နံနက် ၈ နာရီ ၁၀ မိနစ်တွင် မီးငြှိမ်းနိုင်ခဲ့ကြောင်း သိရသည်။
ယာဉ်တိမ်းမှောက်မှုကြောင့် ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်တို့တွင် မီးလောင်ဒဏ်ရာများ (မစိုးရိမ်ရ) ရရှိခဲ့သဖြင့် မြို့လှ တိုက်နယ်ဆေးရုံသို့ တင်ပို့ပေးခဲ့ပြီး ယာဉ်မောင်း သန်းစိုးအား မြို့လှနယ် မြေရဲစခန်းမှ အမှုဖွင့် အရေးယူဆောင်ရွက်ထားကြောင်း သိရသည်။
ကိုလွင်(ဆွာ)