ညောင်လေးပင် ၁၁ နိုဝင်ဘာ
ပဲခူးတိုင်းဒေသကြီး ပဲခူးခရိုင် ညောင်လေးပင်မြို့ ညောင်လေးပင်ဘူတာ၌ နိုဝင်ဘာ (၁၁)ရက်နေ့၊ မွန်းလွဲ(၂)နာရီက ရန်ကုန်-မန္တလေး မီးရထားလမ်း အဆင့်မြှင့်တင်ခြင်း(ပထမ)အဆင့် ဖွင့်ပွဲအခမ်းအနား ကျင်းပပြုလုပ်ရာ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသန့်ဇင်မောင်၊ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးဝင်းသိန်းနှင့် မြန်မာနိုင်ငံ ဂျပန်သံအမတ်ကြီး H.E Mr. Ichoro Maruyama တို့က အဖွင့်အမှာစကား ပြောကြားကြပြီး JICA အဖွဲ့၏ အထူးကိုယ်စားလှယ် Mr. Masayuki KARASAWA က လုပ်ငန်းဆောင်ရွက်ခွင့်ရရှိခဲ့မှုအပေါ် ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။
ရန်ကုန်-မန္တလေး မီးရထားလမ်း ပထမအဆင့် အဆင့်မြှင့်တင်ခြင်း (၁၆၆) မိုင်အနက် ပဲခူး-ညောင်လေးပင်လမ်းပိုင်း CP 102 (၄၆ ဒသမ ၂၅)မိုင်နှင့် ညောင်လေးပင်-တောင်ငူလမ်းပိုင်း CP-103 (၇၃ ဒသမ ၂၅)မိုင်၊ စုစုပေါင်း (၁၁၉ ဒသမ ၅)မိုင်အား အဆင့်မြှင့်တင်သွားမည်ဖြစ်သည့်အတွက် မီးရထားလမ်း အဆင့်မြှင့်တင်ခြင်း ပထမအဆင့်တွင် ပဲခူးတိုင်းဒေသကြီးအတွင်း (၇၂)ရာခိုင်နှုန်း ပါဝင်မည်ဖြစ်သည်။
အဆိုပါ မီးရထားလမ်း အဆင့်မြှင့်တင်ခြင်းကို ဂျပန်နိုင်ငံ၏ (ODA) ချေးငွေဖြင့် စီမံကိန်းကာလ(၄)နှစ်အတွင်း ဆောင်ရွက်သွားမည်ဖြစ်ရာ၊ ရန်ကုန်မှပဲခူးသို့ (၁)နာရီ၊ ပဲခူးမှ မန္တလေးသို့(၇)နာရီသာ ကြာမြင့်တော့မည်ဖြစ်ပြီး လေအေးပေးစက်တပ်ဆင်ထားသည့် လေအိတ်ရထားများဖြင့် အဆင်ပြေစွာ ခရီးသွားလာနိုင်တော့မည်ဖြစ်ကြောင်း သိရှိရသည်။
မီးရထားလမ်း အဆင့်မြှင့်တင်ပွဲ အခမ်းအနားသို့ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသန့်ဇင်မောင်၊ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးဝင်းသိန်းနှင့် မြန်မာနိုင်ငံ ဂျပန်သံအမတ်ကြီး H.E Mr. Ichoro Maruyama ၊ JICA အဖွဲ့၏ အထူးကိုယ်စားလှယ် Mr. Masayuki KARASAWA၊ လွှတ်တော်ကိုယ်စားလှယ်များ၊ မြန်မာ့မီးရထားမှ တာဝန်ရှိသူများ၊ လုပ်ငန်းဆောင်ရွက်မည့် ကုမ္ပဏီမှ တာဝန်ရှိသူများနှင့် ဒေသခံပြည်သူများ တက်ရောက်ခဲ့ကြောင်း သိရသည်။
ဟိန်းထက်(ပြန်ဆက်)