မန္တလေး ၂၂ စက်တင်ဘာ
ရန်ကုန်-မန္တလေး ရထားလမ်းအဆင့်မြှင့်တင်ခြင်း စီမံကိန်းကို JICA အကူအညီဖြင့် Phase 1(အပိုင်း-၁)အဖြစ် ရန်ကုန်-တောင်ငူကြားတွင် အောက်တိုဘာ ၁ ရက်မှ စတင်ဆောင်ရွက်မည်ဖြစ်၍ ရန်ကုန်-မန္တလေးခရီးစဉ်များမှ စာပို့ရထားခရီးစဉ်နှင့် အခြားခရီးစဉ်အချို့ကို ယာယီဖျက်သိမ်းမည်ဖြစ်ကြောင်း မြန်မာ့မီးရထားမှ သိရသည်။
“ရန်ကုန်-မန္တလေး အဆင့်မြင်တင်ခြင်းက သူ့အပိုင်းနဲ့ သူလုပ်မှာဆိုတော့ ရထားခရီးစဉ်တချို့ဖျက်လိုက် တာပါ။ လမ်းပိုင်းမှာ Double လမ်းနှစ်လမ်းရှိရင် တစ်ဖက်ခြင်းလုပ်သွားမှာဆိုတော့ တစ်လမ်းကို အဆင့်မြှင့်ချိန်မှာ ကျန်တဲ့လမ်းနဲ့ သွားရမှာပါ။ အစုန်အဆန်က လမ်းတစ်လမ်းထဲ သုံးရမှာပါ။ ပေါင်းလို့ရတဲ့ရထားတွေ ပေါင်းလိုက် တယ်”ဟု မြန်မာမီးရထား(မန္တလေး)မန်နေဂျာ ဦးစံသာအောင်ကပြောသည်။
မန္တလေး-ရန်ကုန် အမှတ်၂ အစုန်နှင့် ၁ အဆန်ရထားဖြစ်သော စာပို့ရထားခရီးစဉ်ကို ဖျက်သိမ်းမည်ဖြစ်ပြီး ကျန်ရှိသော ရန်ကုန်-မန္တလေးရထားခရီးစဉ်များကို မူလအတိုင်း ပြေးဆွဲမည်ဖြစ်ကြောင်း၊ ထို့ပြင်ရထားအမှတ် (၉/၁၀) ရန်ကုန်-သာစည်၊ အမှတ် (၃၁/၃၂) ရန်ကုန်-နေပြည်တော်၊ အမှတ် (၃၅/၃၆) ရန်ကုန်-မော်လမြိုင်၊ အမှတ် (၁၆/၁၇) နေပြည်တော်-မော်လမြိုင် ရထားခရီးစဉ်များကို ယာယီဖျက်သိမ်းမည်ဖြစ်သည်။
ရန်ကုန်-မန္တလေး ရထားလမ်းပိုင်း အဆင့်မြှင့်တင်မှုစီမံကိန်းကို JICA အကူအညီဖြင့်၂၀၂၃ ခုနှစ်တွင် အပြီး ဆောင်ရွက်သွားမည်ဖြစ်၍ စီမံကိန်းအကောင်အထည်ဖေါ်မှုအား နှစ်ပိုင်းခွဲ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ စီမံကိန်း ပြီးစီးပါက ရန်ကုန်-မန္တလေးခရီးစဉ်ကို ၆ နာရီကြာချိန်ဖြင့် မောင်းနှင်နိုင်မည်ဖြစ်ကြောင်း သိရသည်။
သန်းဇော်မင်း(ပြန်/ဆက်)


