၁၈ မတ်

ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးသည် ရန်ကုန် အမှတ်(၃)လမ်းဆုံမှ မန္တလေး စကားအင်းအဝိုင်းအထိ အရှည် ၃၃၆ မိုင်၃ ဖာလုံရှိပြီး ပေ ၃၀ အကျယ် အလယ်ကျွန်းနှင့် တစ်ဖက်စီတွင်၂၅ ပေအကျယ် ယာဉ်သွားလမ်းနှစ်လမ်းပါရှိသော ကွန်ကရစ်လေးလမ်းသွား ခွဲခြားလမ်းမကြီးဖြစ်သည်။

အမြန်လမ်းအင်္ဂါရပ်များ 

ရန်ကုန်-နေပြည်တော်အပိုင်းကို ၂၀ဝ၉ ခုနှစ် မတ် ၂၅ ရက်က အများပြည်သူများ သွားလာနိုင်ရန် ဖွင့်လှစ်ပေးခဲ့ပြီး နေပြည်တော်မှ မန္တလေး စကားအင်းအထိကို ၂၀၁၀ အောက်တိုဘာ ၂၉ ရက်နှင့် ၂၀၁၁ မတ် ၂၃ ရက်တို့တွင်ထပ်မံဖွင့်လှစ်ပေးခဲ့သဖြင့် ယခုအခါ ပြည်သူများအနေဖြင့်ရန်ကုန်မှ မန္တလေးသို့ တစ်ဆက်တည်း လွယ်လင့်တကူ ကားဖြင့် ခရီးသွားနိုင်နေကြပြီဖြစ်သည်။ ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးသည် အမြန်လမ်းဟုခေါ်နေသော်လည်း အမြန်လမ်းအဆင့် သတ်မှတ်၍မရသေးဘဲ လမ်းအင်ဂျင်နီယာများနှင့် တာဝန်ရှိသူတို့က သတ်မှတ်ပေးသည့် အမြန်နှုန်းဖြင့်သာ မောင်းနှင်နိုင်သော လမ်းမကြီးတစ်လမ်းအဆင့်သာ ဖြစ်နေ သေးသည်။ အမြန်လမ်းအင်္ဂါရပ်နှင့် ပြည့်စုံစေရန်အတွက်ဆိုလျှင် တည်ဆောက်ပြီးလမ်းပေါ်၌ မော်တော်ယာဉ်များ အနှောင့်အယှက်မရှိ သတ်မှတ်အမြန်နှုန်းနှင့် သွားလာမောင်း နှင်နိုင်ရန်အတွက် လမ်းဘေးမှ လူ၊ တိရ္ဆာန်၊ မော်တော်ဆိုင်ကယ်နှင့် အခြားယာဉ်များ လုံးဝဝင်ရောက်မှုမရှိ ဖြစ်ရပါမည်။

သတိပေးဆိုင်းဘုတ်များအမြန်လမ်းမကြီးတစ်လျှောက်တွင် တစ်နာရီလျှင် မိုင်၆၀ သာ မောင်းရပါမည်။ ပို၍ မမောင်းသင့်ပါ။ ထို့ကြောင့်တာဝန်ရှိသူများက “ဤနေရာသည် ကီလိုမီတာ ၁၀ဝ အထိမောင်းနှင်နိုင်သည်”၊ “ဤနေရာသည် ကီလိုမီတာ ၈၀ သာ မောင်းပါ” စသည့် ဆိုင်းဘုတ်များကိုလည်း စိုက်ထူထားသည်။ အထူးအနေဖြင့် “သတ်မှတ်ပေးထားသောမိုင်ထက် ကျော်လွန်မောင်းနှင်ပါက အသက်ဆုံးရှုံးရနိုင်ပါသည်” ဆိုသည့် ဆိုင်းဘုတ်များလည်း ရှိသည်။

ထို့အပြင် “ရှေ့တွင်လမ်းကွေ့ရှိသည်၊ အရှိန်လျှော့မောင်းပါ” စသည့် ဆိုင်းဘုတ်များ၊ လမ်းကွေ့လမ်းညွှန် အမှတ်အသားများ၊ ညအခါ လင်းလက်ပြီး ကွေ့ရန်လမ်းညွှန်ပြသပေးသည့် အလိုအလျောက် မီးလုံးများ၊ မီးခြောက်များ၊ ရောင်ပြန်လမ်းညွှန်များ စသည်တို့ကို လမ်းအသုံးပြုသွားလာနေသော မော်တော်ယာဉ်များ အန္တရာယ်မကြုံတွေ့စေရန်အတွက် တာဝန်ရှိသူများက ပြည့်ပြည့်စုံစုံ ဆောင်ရွက်ထားသည်ကိုလည်း ထိုလမ်းအသုံးပြု သွားလာဖူးသူတိုင်း သိကြပါသည်။

ယာဉ်မတော်တဆမှုဖြစ်သည့် အကြောင်းရင်းငါးခုသို့သော် ရန်ကုန်-မန္တလေး ကားလမ်းမကြီးတွင် ယာဉ်တိမ်း မှောက်မှုများဖြစ်ပြီး အသက်ဆုံးရှုံးသူတွေ ရှိနေသည်ကို ယခုအချိန်အထိ စိတ်မချမ်းမြေ့စွာ ကြားသိနေရသည်။ ယာဉ်မတော်တဆမှုများ ဖြစ်ပွားရခြင်းမှာ အကြောင်းရင်း ငါးရပ်ရှိသည်။ ယင်းငါးချက်ထဲမှ တစ်ချက်ချို့ယွင်းလျှင်ပင် ယာဉ်အန္တရာယ်ဖြစ်ပြီး အသက်ဆုံးရှုံးနိုင်သည်။ ထိုအချက်များမှ

၁။ ယာဉ်ထိန်းသိမ်းရေးစနစ်(Stearing Security)ကောင်းမွန်မှုမရှိခြင်း၊

၂။ ဘရိတ်နှင့်ပတ်သက်သော ဆက်စပ်ပစ္စည်းများ ချွတ်ယွင်းခြင်း၊

၃။ ကားဘီးနှင့် တာယာများ ကောင်းမွန်မှုမရှိခြင်း၊

၄။ အရက်သေစာသောက်စား၍ မောင်းနှင်ခြင်း၊

၅။ ကားမောင်းနေစဉ် အိပ်ငိုက်ခြင်းနှင့် မောင်းရန်သတ်မှတ်ပေးထားသည့် မိုင်နှုန်းထက် ပိုမောင်းနှင်ခြင်းတို့ ဖြစ်သည်။

ကွန်ကရစ်လမ်းထို့အပြင် ကွန်ကရစ်လမ်းကြောင့်ဟုလည်း အချို့က ဆိုကြ သည်။ ထိုအဆိုနှင့်ပတ်သက်၍ ကျွန်တော်သည် မြန်မာနိုင်ငံမှလမ်းတည်ဆောက်သူ အင်ဂျင်နီယာပညာရှင်ကြီးများကိုမေး၍ ကြေးမုံနှင့် မြန်မာ့အလင်း သတင်းစာကြီးနှစ်စောင်တို့တွင် “လူလား၊ ယာဉ်လား၊ လမ်းလား” ခေါင်းစဉ်ဖြင့် သတင်း ဆောင်းပါးများ ရေးသားတင်ပြခဲ့ဖူးသည်။ သို့သော် ယခုအချိန်အထိ ယာဉ်ယာဉ်ချင်းတိုက်မှု၊ ယာဉ်မှောက်မှုများ ဖြစ်ပွားလျက်ရှိပြီး ခရီးသွားပြည်သူများနှင့် ရဟန်းသံဃာများပါ အသက်ဆုံးရှုံးလျက်ရှိနေသည်။

ယခုအခါ ကွန်ကရစ်လမ်းကြောင့်ဟု လူအချို့ ပြောဆိုမှုကိုလည်း အလေးထား၍ ဆောက်လုပ်ရေးဝန်ကြီးဌာန လမ်းဦးစီးဌာန အမြန်လမ်းမကြီး ထိန်းသိမ်းပြုပြင်ရေးနှင့် ကြီးကြပ်ရေး အဖွဲ့က လမ်းအကျယ်ချဲ့ခြင်း၊ ကွန်ကရစ်လမ်းပေါ်၌ အဆင့်မြင့်နိုင်လွန်ကတ္တရာ(AC)ခင်းခြင်း၊ လမ်းလယ်ကျွန်းများ နှိမ့်ချပြုပြင်ခြင်း၊ ခြံစည်းရိုးကာရံခြင်း၊ မြေသားလမ်းပခုံး မြှင့်တင်ခြင်း၊ ကျေးရွာကုန်ထုတ်လမ်းများ ဖောက်လုပ်ပေးခြင်း စသည်တို့ကို ဆောင်ရွက်လျက်ရှိနေကြောင်း သိရသည်။ ထို့ကြောင့်ကျွန်တော်သည် မတ် ၄ ရက်က နေပြည်တော်ရှိ အမြန်လမ်းမကြီး ထိန်းသိမ်းပြုပြင်ရေးနှင့် ကြီးကြပ်ရေးအဖွဲ့သို့ သွားရောက်ပြီး တာဝန်ရှိသူများနှင့် တွေ့ဆုံမေးမြန်းဖြစ်ခဲ့သည်။

အမြန်လမ်းမကြီး ပြုပြင်ထိန်းသိမ်းရေးထိုသို့ သွားရောက်တွေ့ဆုံခဲ့ရာတွင် ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး ပြုပြင်ထိန်းသိမ်းရေးလုပ်ငန်းကို ကြီးကြပ်ရေး အဖွဲ့က အပိုင်းနှစ်ပိုင်းခွဲ၍ ဆောင်ရွက်လျက်ရှိကြောင်း၊ ရန်ကုန်-နေပြည်တော်အပိုင်း၌ ကတ္တရာ ကွန်ကရစ်ခင်းခြင်း လုပ်ငန်း ၁၃၃ မိုင် ၂ ဖာလုံ၊ လမ်းလယ်ကျွန်း Raised Median  မှ Depress Median  သို့ ပြောင်းလဲတည်ဆောက်ခြင်း လုပ်ငန်း ၆၃ မိုင် ၅ ဖာလုံ၊ ခြံစည်းရိုးကာရံခြင်းလုပ်ငန်း ၃၅ မိုင်၊ ရောင်ပြန်မီးခြောက်(Road Stud) တပ်ဆင်ခြင်းလုပ်ငန်း ၁၀၂၂၀ ခု၊ Guard Rail ကာရံခြင်းလုပ်ငန်း ၁၇၁ မိုင် ၇ ဖာလုံ၊ သတိပေးလမ်းညွှန်ဆိုင်းဘုတ် တပ်ဆင်ခြင်းလုပ်ငန်း ၁၆၀၅ ချပ်တို့ကို ဆောင်ရွက်နေကြောင်း၊ နေပြည်တော်- မန္တလေး လမ်းပိုင်းတွင်မူ ကတ္တရာ ကွန်ကရစ်ခင်းခြင်းလုပ်ငန်း ၄၃ မိုင် ၆ ဖာလုံ၊ ရောင်ပြန်မီးခြောက်တပ်ဆင်ခြင်းလုပ်ငန်း ၂၇၇၉၈ ခု၊ Guard Rail ကာရံခြင်းလုပ်ငန်း ၆၉ မိုင် ၄ ဖာလုံနှင့် သတိပေးလမ်းညွှန်ဆိုင်းဘုတ် တပ်ဆင်ခြင်းလုပ်ငန်း ၁၄၅၉ ချပ်တို့ကို ဆောင်ရွက်ထားရှိကြောင်း သိရသည်။ထို့အပြင် ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ် ၂၀၁၈ အောက်တိုဘာ လမှ ၂၀၁၉ စက်တင်ဘာလအထိ အမြန်လမ်းမကြီး၏ ရန်ကုန်တိုင်းဒေသကြီးအပိုင်းတွင် ပြည်ထောင်စုပြင်ထိန်းရန်ပုံငွေကျပ် ၅၂ ဒသမ ၆ သန်း၊ ပဲခူးတိုင်းဒေသကြီးအပိုင်း၌ ပြင်ထိန်း ခွင့်ပြုရန်ပုံငွေ ကျပ် ၃၄၆ ဒသမ ၈၄၈ သန်း၊ နေပြည်တော်အပိုင်း၌ ပြင်ထိန်းရန်ပုံငွေ ကျပ် ၁၀၃ ဒသမ ဝ၁ သန်း၊ မ္တလေး တိုင်းဒေသကြီးအပိုင်း၌ ပြင်ထိန်းခွင့်ပြုရန်ပုံငွေ ကျပ် ၃၂၂ ဒသမ ၁ သန်း၊ စုစုပေါင်း ပြင်ထိန်းခွင့်ပြုရန်ပုံငွေ ကျပ် ၅၃၈ ဒသမ ၅၅၈ သန်းနှင့် ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ် (၂၀၁၈ အောက်တိုဘာလမှ ၂၀၁၉ စက်တင်ဘာလ)အထိ ပြည်ထောင်စု အစိုးရ ငွေလုံးငွေရင်း(မူလ)ရန်ပုံငွေ ကျပ် ၅၆၄၉ ဒသမ ၁၅၄ သန်းတို့ကို သုံးစွဲ၍ ရေပိတ်လွှာလောင်းခြင်း၊ လမ်းပခုံးခင်းခြင်း၊ လမ်းပခုံးနိမ့်ကျသည့်နေရာများတွင် မြေသား ထည့်ခင်းကြိတ်၍ လမ်းပုံဖော်ခြင်း၊ ရေမြောင်းဖောက်ခြင်း၊ ခွဲကျောက်များအသုံးပြု၍ အခြေခံလွှာတည်ဆောက်ခြင်း၊ ကတ္တရာ ကွန်ကရစ်ခင်းခြင်း၊ အလယ်ကျွန်းများပြုပြင်ခြင်း လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိသည်ဟု သိရသည်။
ကျွန်တော်သည် စာရင်းဇယားပိုင်းဆိုင်ရာ အချက်အလက်များကို ရယူမေးမြန်းပြီးနောက် အမြန်လမ်းမကြီး ကြီးကြပ်ထိန်းသိမ်းရေးအဖွဲ့မှ ညွှန်ကြားရေးမှူး ဦးတိုးတိုးအား ဆက်လက်၍ သိလိုသည်များကို မေးမြန်းကြည့်ရာ ဦးတိုးတိုးက International Expressway တစ်ခုဖြစ်ရန်မှာ Fully Access Control ဖြစ်ရမည်ဖြစ်ကြောင်း ရှင်းပြသည်။ Fully Access Control ဖြစ်ရန်

(၁)Fast (မြန်မြန်မောင်းနှင်နိုင်ရမည်) 

လမ်းပေါ်၌ မီးပွိုင့်များ၊ Junction များ၊ လူနေ အိမ်ခြေများ၊ ဈေးဆိုင်များမရှိရပါ။

(၂) Comfortable (ယာဉ်မောင်းနှင့် ခရီးသည်များအတွက်သက်သောင့်သက်သာရှိသော လမ်းဖြစ်ရပါမည်) 

Pavement များသည် Flexible   Pavement  ဖြစ်ရမည်။ လမ်းòန်ဆိုင်းဘုတ်များကို ပြည့်စုံအောင် ဆောင်ရွက်ထားရမည်။ တစ်နာရီတစ်ကြိမ် သက်သောင့်သက်သာ ရပ်နားနိုင်မည့်ယာဉ်ရပ်နားစခန်းများ၊ Toilet များ၊ လျှပ်စစ်မီးများ အပြည့်အစုံရှိပြီးဖြစ်ရပါမည်။

(၃) Safety (လုံခြုံစိတ်ချမှု အပြည့်ရှိရမည်။)လမ်းတစ်လျှောက်တွင် Inner  Shoulder,  Outer Shoulder နှင့်  Guard Rail များ ပြည့်စုံစွာပါရှိရမည်။ 

လူ၊ နွား၊ တိရ္ဆာန်များ ဖြတ်သန်းဝင်ရောက်ခြင်း မပြုနိုင်ရန်အတွက် ခြံစည်းရိုးခတ်ထားသောလမ်း ဖြစ်ရမည်။ ဆိုင်ကယ်၊ အနှေးယာဉ်၊ ထော်လာဂျီ စသည့် ယာဉ်များလည်း မောင်းနှင်ခွင့်မရှိပါ။

ယခုလက်ရှိ အမြန်လမ်းမကြီးသည် International အဆင့်မီ အမြန်လမ်း(Full Access Control)ဖြစ်ရန်အထက်ပါ အချက်(၃)ချက်နှင့် ကိုက်ညီမှုမရှိသေးပါ။ မူလက Expressway  အဖြစ် ဖောက်လုပ်ရန် ရည်ရွယ်ထားပြီး ယခုပြီးစီးသလောက်အနေအထားတွင် ပြည်သူများကို အသုံးပြု ခွင့်ပေးထားခြင်းဖြစ်ကာ ယခုလက်ရှိအချိန်တွင် ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးသည် နိုင်ငံတကာအဆင့်မီ အမြန်လမ်းအဆင့် မရောက်ရှိသေးပါ။ ထို့ကြောင့် လမ်းမကြီးကိုခေတ်မီ လေးလမ်းသွားအဆင့် တိုးမြှင့်တည်ဆောက်ခြင်းနှင့်အဆင့်မီ လုံခြုံရေးပစ္စည်းများ တပ်ဆင်ပေးခြင်းလုပ်ငန်းများကိုဆောင်ရွက်လျက်ရှိနေကြောင်းလည်း ဦးတိုးတိုးက ဆက်ရှင်းပြသည်။

ရန်ကုန်-မန္တလေးအမြန်လမ်းမကြီးသည် ယခင် ကွန်ကရစ်ဒုအခြေခံလွှာ ခြောက်လက်မထု၊ အခြေခံလွှာ ၁၂ လက်မထုတည်ဆောက်ပြီးဖြစ်၍ ယခုအခါ အပွန်းခံလွှာအဖြစ် Riding Quality  ကောင်းမွန်စေရန် ကတ္တရာ ကွန်ကရစ်ခင်းခြင်းလုပ်ငန်းကို အဆင့်မြှင့်တင် ဆောင်ရွက်လျက်ရှိရာ (အသွား+ အပြန်) ၁၇၇မိုင်ကို လုပ်ငန်းဆောင်ရွက်ပြီးဖြစ်ကြောင်း သိရသည်။

လမ်းလယ်ကျွန်းများ

လမ်းလယ်ကျွန်းများ၏ အမြင့်အပိုင်းတွင် အမြန်လမ်းမကြီး၌ ယခုတပ်ဆင်ထားသော (Raised Median)များမှာ မြို့တွင်းလမ်းများ၊ တစ်နာရီလျှင် ၄၅ မိုင်အောက် သတ်မှတ်ထားသော အဝေးပြေးလမ်းများနှင့် ခြောက်လမ်းသွားအထက်လမ်းများတွင်သာ အသုံးပြုရန် သင့်တော်သည်ဟု - Interational Standard(AASHTO) များတွင် သတ်မှတ်ထားသည်။

ယခု အမြန်လမ်းမကြီးကဲ့သို့ လေးလမ်းသွားဆိုပါက လမ်းလယ်ကျွန်းအနိမ့်(Depressed Median)ကို တည်ဆောက်အသုံးပြုရမည်ဖြစ်ပါသည်။ ယခု လမ်းလယ်ကျွန်းများမှာ Raised Median ဖြစ်နေခြင်းကြောင့် အရေးပေါ်ယာဉ်များ ဝင်ရောက်ရန် ခက်ခဲခြင်း၊ မိုးရာသီတွင် ရေစီးခြင်းကို ဖြစ်ပေါ်စေခြင်းတို့ ဖြစ်နိုင်ပါသည်။

မြန်လမ်းမကြီးတွင် ဖြစ်ပွားနေသည့် ယာဉ်မတော်တဆမှုများကို ဆန်းစစ်ကြည့်ပါက အရှိန်များ၍သော်လည်းကောင်း၊ ဘီးပေါက်၍သော်လည်းကောင်း၊ ယာဉ်မောင်းအိပ်ငိုက်၍ သော်လည်းကောင်း စသည်တို့ကြောင့် ယာဉ်မတော်တဆမှုများ အများဆုံးဖြစ်ပွားလျက်ရှိကာ လမ်းလယ်ကျွန်းအမြင့်ကြောင့် မော်တော်ယာဉ်သည် လိမ့်ကာ ထိခိုက်ပျက်စီးမှုဖြစ်ခြင်း၊ ကားတစ်စီးနှင့်တစ်စီး ကျော်တက်ရာတွင် လမ်းလယ်ကျွန်းရှိ Road Curb ကို တိုက်မိပြီး မတော်တဆမှုများ ဖြစ်ပေါ်နေသည်ကို တွေ့ရှိရကြောင်း၊ ထို့ကြောင့် ယခုအခါ လမ်းလယ်ကျွန်းပုံစံ Raised Median မှ Depressed Median သို့ ပြောင်းလဲတည်ဆောက်နေခြင်းဖြစ်ကြောင်း တို့ကိုလည်း ၄င်းကဆက်ရှင်းပြသည်။

ယာဉ်မောင်းသူများလိုက်နာရမည့် အချက်များအမြန်လမ်းမကြီးတွင် 
ယာဉ်အန္တရာယ်ကင်းရှင်းရေး အတွက် ယာဉ်မောင်းသူများလိုက်နာရမည့် အချက်များကိုမေးမြန်းခဲ့ရာတွင် ညွှန်ကြားရေးမှူး ဦးတိုးတိုးက အမြန်လမ်း မကြီးကို အသုံးပြု၍ မောင်းနှင်နေကြသော ယာဉ်မောင်းများသည် သတ်မှတ်ထားသော ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းကို လိုက်နာရမည်ဖြစ်ကြောင်း၊ သတ်မှတ်အရှိန်နှုန်းများမှာ အိမ်စီးကားများအတွက် တစ်နာရီလျှင် ကီလိုမီတာ ၁၀ဝ၊ ကုန်တင်ယာဉ်များအတွက် တစ်နာရီလျှင် ကီလိုမီတာ ၆၀၊ ခရီးသည်တင်ယာဉ်ကြီးများအတွက် တစ်နာရီလျှင် ကီလိုမီတာ ၉၀ ထက် ပိုမမောင်းရန် သတ်မှတ်ထားရှိကြောင်း ရှင်းပြသည်။

ယာဉ်မောင်းများ တစ်နာရီလျှင်တစ်ကြိမ် နားနေနိုင်အောင်ယာဉ်ရပ်နားစခန်းနှင့် အများသုံးသန့်စင်ခန်းများကိုလည်း ဖွင့်လှစ်ထားပြီး ဘောနတ်ကြီးယာဉ်ရပ်နားစခန်း၊ Mini Rest Camp၊ ဖြူးယာဉ်ရပ်နားစခန်း၊ နေပြည်တော် ယာဉ်ရပ်နားစခန်း၊ သီးကုန်းယာဉ်ရပ်နားစခန်းနှင့် စကားအင်း ယာဉ်ရပ်နားစခန်းတို့ဖြစ်ကြောင်းလည်း ၄င်းက ပြောသည်။

ယာဉ်မောင်းသူအများစုသည် မိမိမောင်းနေသောကား၏ တစ်စက္ကန့်အမြန်နှုန်းကို သတိမပြုကြဘဲ မောင်းနေကြ ကြောင်း၊ ကားကို ကီလို ၁၀ဝ နှုန်း မောင်းပါက တစ်စက္ကန့်သွား နှုန်းသည် ပေ ၉၀၊ ကီလို ၁၁၀ နှုန်းမောင်းပါက တစ်စက္ကန့်သွား နှုန်းသည် ပေ ၁၀ဝ၊ ကီလို ၁၂၀ နှုန်းမောင်းပါက တစ်စက္ကန့်သွား နှုန်းသည် ပေ ၁၁၀၊ ကီလို ၁၃၀ နှုန်းမောင်းပါက တစ်စက္ကန့်သွားနှုန်းသည် ပေ ၁၂၀၊ ကီလို ၁၄၀ နှုန်းမောင်းပါက တစ်စက္ကန့်သွားနှုန်းသည် ၁၂၆ ပေ၊ ကီလို ၁၅၀ နှုန်းမောင်းပါက တစ်စက္ကန့်သွားနှုန်းသည် ၁၃၅ ပေ၊ ကီလို ၁၆၀ နှုန်းမောင်းပါက တစ်စက္ကန့်သွားနှုန်းသည် ၁၄၄ ပေရှိကြောင်း ဦးတိုးတိုးက ဆက်ပြောသည်။

ယာဉ်မောင်းနေစဉ် ယာဉ်မောင်းများ အရှိန်လျှော့ရမည့်အချက် ၁၀ ချက်ကိုလည်း ဆက်လက်ရှင်းပြခဲ့ရာ ယင်း ၁၀ ချက်မှာ

၁။ ကားချင်းရှောင်ရင်...လျှော့

၂။ လမ်းကွေ့မတိုင်ခင်...လျှော့

၃။ လူတွေ့လျှင်...လျှော့

၄။ ကလေးငယ်တွေ့လျှင်...လျှော့

၅။ တိရ္ဆာန်တွေ့လျှင်...လျှော့

၆။ တိရ္ဆာန်ငယ်တွေ့ပါကအဝေးကြီးက...လျှော့

၇။ မြင်ကွင်းမရှင်းပါက...လျှော့

၈။ နှင်းကျလျှင်...လျှော့

၉။ မိုးရွာလျှင်...လျှော့

၁၀။ ရေအိုင်ဖြတ်လျှင်...လျှော့ စသည်တို့ပင်ဖြစ်သည်။ ။

ခရမ်းစိုးမြင့်