နေပြည်တော် ဇူလိုင် ၂၅
မြန်မာမီးရထားအနေဖြင့် ပြည်သူများ သက်သောင့်သက်သာ ဘေးကင်းလုံခြုံပြီး ဈေးနှုန်းသင့်တင့်စွာ သွားလာနိုင်ရေးအတွက် အဆင့်မြင့်ရထားတွဲဆိုင်းအသစ်များဖြင့် ခရီးစဉ်များကို ပြေးဆွဲပေးလျက်ရှိရာတွင် စည်းကမ်းမလိုက်နာသည့် ခရီးသည်အချို့ကြောင့် အခြားခရီးသည်များ စိတ်အနှောင့်အယှက်ကြုံတွေ့ရမှုများရှိသည့်အတွက် ရထားစီးခရီးသည်များအနေဖြင့် ခရီးစဉ်တစ်လျှောက် သန့်ရှင်းသပ်ရပ်ပြီး အခြားခရီးသည်များအတွက် အနှောင့်အယှက် မဖြစ်စေရန်နှင့် ရထားတွင်းသန့်ရှင်းမှုကို ထိန်းသိမ်းရန်၊ ကွမ်းတံတွေးထွေးခြင်းကို ရှောင်ကြဉ်ပေးရန်၊ ထိုင်ခုံပေါ်တွင် ခြေထောက်တင်ခြင်းမပြုရန်၊ အခြားခရီးသည်များ သန့်ရှင်းစွာ အသုံးပြုနိုင်ရန် ထိုင်ခုံများအား စနစ်တကျအသုံးပြုပေးပါရန် အသိပေးချက်များကို နိုင်ငံပိုင်သတင်းစာများနှင့် သက်ဆိုင်ရာ ရထားများပေါ်တွင် အသိပေးကြေညာချက်များ ထုတ်ပြန်ထားရှိပြီးဖြစ်သည်။
ထိုသို့ ထုတ်ပြန်ကြေညာထားရှိသော်လည်း ဇူလိုင် ၂၀ ရက် နံနက်ပိုင်းတွင် ရန်ကုန်မှ မန္တလေးသို့ ထွက်ခွာလာသည့် အမှတ် (၃) အဆန် ရန်ကုန်-မန္တလေး DEMU လူစီးအမြန်ရထားပေါ်၌ မြန်မာ့မီးရထားနှင့် မီးရထားရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့က ရထားတွဲများ လုံခြုံရေးစစ်ဆေးခြင်း ဆောင်ရွက်နေစဉ် ပထမတန်းတွဲ (၁) ခုံအမှတ် 1D, 3C, 4D တို့တွင် လိုက်ပါစီးနင်းလာကြသည့် မန္တလေးတိုင်းဒေသကြီး မတ္တရာမြို့နယ် ထီးတော်မိုးကျေးရွာနေ ကံကောင်း (၄၄) နှစ်၊ တံတားဦးမြို့နယ် သင်ပန်းကုန်းကျေးရွာနေ ဉာဏ်ပို (၄၈) နှစ်နှင့် မတ္တရာမြို့နယ် မင်္ဂလာသီရိကျေးရွာနေ ဇော်လင်း (၄၈) နှစ်တို့သည် အများပြည်သူ စိတ်အနှောင့်အယှက်ဖြစ်စေအောင် အရက်သေစာ သောက်စားမူးယစ်ခြင်းတို့ ပြုလုပ်ခဲ့ကြောင်း တွေ့ရှိရသဖြင့် ဖမ်းဆီးထိန်းသိမ်းခဲ့ပြီး ရမည်းသင်းမြို့မရဲစခန်း၌ (ပ) ၁၆၇/ ၂၀၂၆၊ ရထားပို့ဆောင်ရေးလုပ်ငန်းဥပဒေပုဒ်မ ၈၈ (က) ဖြင့် အမှုဖွင့်လှစ်၍ ဥပဒေနှင့်အညီ အရေးယူနိုင်ရေး ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
သတင်းစဉ်


