ရန်ကုန်-​နေပြည်​တော် အမြန်လမ်းတွင် တရားမဝင်ကျွန်းခွဲသား (၁၀၃)ချောင်း သိမ်းဆည်းရမိ

လှည်းကူး ၁၇ ဖေဖော်ဝါရီ

 

ရန်ကုန်-နေပြည်တော် အမြန်လမ်းမကြီး၌ ဖေဖော်ဝါရီ ၁၅ ရက် နံနက် ၆ နာရီ ၄၅ မိနစ်က တရားမဝင်ကျွန်းခွဲသားများ တင်ဆောင်လာသော ယာဉ်တစ်စီး ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။  

 

ဖြစ်စဉ်မှာ ရန်ကုန်-နေပြည်တော် အမြန်လမ်း၌ မြို့နယ်သစ်တောဦးစီးဌာနမှ ဦးစီးအရာရှိ ဦးစည်သူလင်း ဦးဆောင်၍ ပူးပေါင်းပါဝင်သောအဖွဲ့သည် တရားမဝင်သစ် ဖမ်းဆီးရေး ဆောင်ရွက်နေစဉ် မသင်္ကာဖွယ် ယာဉ်အမှတ် 4G/----- Super Custom (ခေါင်းမြင့်) ခဲရောင်ယာဉ် ဖြတ်သန်းသွားကြောင်း သတင်းပေးပို့ချက်အရ အဆိုပါယာဉ်အား လိုက်လံဖမ်းဆီးခဲ့ရာ မိုင်တိုင်အမှတ်(၁၃/၄)နှင့် (၁၃/၅)ကြား အရောက်တွင် ၎င်းယာဉ်သည် လမ်းဘေးသို့ ထိုးရပ်ထားသည်ကို တွေ့ရှိခဲ့ကြောင်း၊ ယာဉ်ပေါ်တွင် ယာဉ်မောင်းနှင့် ယာဉ်အကူတို့ တွေ့ရှိခြင်းမရှိဘဲ ထွက်ပြေးတိမ်းရှောင်သွားကြောင်း သိရပြီး ၎င်းယာဉ်အား ဖွင့်ဖောက်စစ်ဆေးရာ ယာဉ်ပေါ်တွင် တရားမဝင်ကျွန်းခွဲသား (၁၀၃)ချောင်း၊ (၂ ဒသမ ၁၁၃၄)တန်အား သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။ 

 

ဖြစ်စဉ်နှင့်ပတ်သက်၍ ယာဉ်မောင်း၊ ယာဉ်အကူ၊ ယာဉ်ပိုင်ရှင်၊ ပစ္စည်းပိုင်ရှင်နှင့် ဆက်စပ်တရားခံများအား သစ်တောဥပဒေပုဒ်မ-၄၃(က)ဖြင့် စုံစမ်းဖော်ထုတ် အရေးယူပေးရန် အမှတ်(၃)လမ်းဆုံ အမြန်လမ်းရဲစခန်းတွင် အမှုဖွင့် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။ 

 

နိုင်လင်း(လှည်းကူး)