ရန်ကုန် ၁၆ ဇန်နဝါရီ 


လှိုင်သာယာမြို့နယ်ရှိ ရန်ကုန်-ပုသိမ်လမ်း၏ လှိုင်မြစ်ကူး အမှတ်(၂) ဘုရင့်နောင်တံတားကြီး အဆင်းမှ ဗိုလ်ချုပ်မှတ်တိုင်အထိ လမ်းအရှည်ပေ ၅၁ဝဝ ၌ ၂ဝ၁၈ မေလက ရန်ကုန်တိုင်း ဒေသကြီး အစိုးရ၏ ရန်ပုံငွေဖြင့် တစ်ဖက်လေးလမ်းသွား ကွန်ကရစ် လမ်းအဖြစ် ခင်းခဲ့သည်။

 ထို့နောက် ဗိုလ်ချုပ်လမ်းဆုံမှ ဘုရားလမ်းမီးပွိုင့် လမ်းဆုံအထိ အရှည် ၃၆၉၇၂ ပေကို ဒီဇင်ဘာ ၁၅ ရက်မှစ၍ ခြောက်လမ်းသွား ကွန်ကရစ်လမ်းအဖြစ် ဆက်ခင်းနေခြင်း ဖြစ်ကာ ယခုအခါ ၄ဝ ရာခိုင်နှုန်း ပြီးစီး နေပြီဖြစ်သည်။


ရန်ကုန်-ပုသိမ်လမ်းပိုင်း ခင်းကျင်းမှုကို တာဝန်ယူဆောင်ရွက်နေသော ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ အင်ဂျင်နီယာဌာန (လမ်းနှင့် တံတား)မှ AE ဦးဝဏ္ဏထွန်းက ''အကျယ် ၇၂ ပေ၊ ဒု ၁၁ လက်မနဲ့ ခြောက်လမ်းသွားခင်း နေတာပါ။ ယာဉ် ဖြတ်သန်းမှုများတဲ့ လမ်းပိုင်းဆိုတော့ အင်တိုက်အားတိုက် ဆောင်ရွက်ရပါတယ်။ ခြောက်လမ်းသွားမှာ အလယ်လမ်း နှစ်လမ်းသွား ပေ ၃၆၉ဝ က ပြီးသွားပါပြီ။ ကျန်တဲ့လေးလမ်းသွားကို ဆက်ပြီးခင်းနေပါတယ်။ ဒဂုံ-ဧရာ အဝေးပြေး ရှေ့လမ်းပိုင်းကို နောက်နှစ် ဘတ်ဂျက်မှာ ခင်းဖို့ရှိပါတယ်။ 


အမှတ် (၅) လမ်းမကြီးဖြစ်တဲ့ ရန်ကုန်-ပုသိမ် လမ်းပိုင်းက ရန်ကုန်တိုင်းဒေသကြီး အစိုးရရဲ့ ၂ဝ၁၈- ၂ဝ၁၉ ဘတ်ဂျက်နဲ့ ဆောင်ရွက်တာပါ။ တံတားအဆင်းကနေ ဘုရားလမ်းဆုံအထိ ကွန်ကရစ် လမ်း ပြီးစီးသွားမှာပါ။ အများပြည်သူ သွားလာရေး လွယ်ကူချောမွေ့ အဆင်ပြေတာကို မြင်တွေ့ရတာလည်း ဝမ်းသာကြည်နူးရပါတယ်''ဟုပြောသည်။


အဆိုပါ ရန်ကုန်-ပုသိမ်လမ်းပိုင်းကို ဖေဖော်ဝါရီ ပထမပတ်အပြီး ခင်းကျင်းနိုင်ရန် ဆောင်ရွက်လျက်ရှိပြီး ပထမအကြိမ် ခင်းစဉ်က ရန်ကုန် - ပုသိမ်လမ်း၊ ရန်ကုန် - ညောင်တုန်းလမ်းနှင့် ရွှေပြည်သာ တံတားအဆင်းဖြစ်သော အနော်ရထာလမ်းမကြီးတို့ကို တစ်ပြိုင် တည်းခင်းခဲ့ရာ ယာဉ်များရှောင်ကွင်းရန် အခက်အခဲရှိခဲ့၍ ယခုတစ်ကြိမ်တွင် ထိုသို့မဖြစ်စေရန် ရန်ကုန်-ပုသိမ် လမ်းပိုင်းကို ဦးစွာ အပြည့်ခင်းခြင်း ဖြစ်ကြောင်း သိရသည်။


သန်းထိုက် (လှိုင်သာယာ)၊ ဓာတ်ပုံ-သန်းစိုး