ရန်ကုန် ၁၅ စက်တင်ဘာ
ရန်ကုန်- သန်လျင် အမှတ် (၁) တံတားပေါ်မှ ခုန်သွားသေဆုံးသွားသူ၏ ရုပ်အလောင်းအား စက်တင်ဘာ ၁၄ ရက် ညနေ ၅ နာရီခွဲခန့်က ငပကျေးရွာအနီး ပဲခူးမြစ်အတွင်း၌ ပြန်လည်တွေ့ရှိခဲ့ကြောင်း သန်လျင်မြို့မရဲစခန်းမှ သိရသည်။
ဖြစ်စဉ်မှာ ရန်ကုန်- သန်လျင် အမှတ် (၁) တံတား ရေလယ်တိုင်အမှတ် (၄) နှင့် (၅) အကြားတွင် အမျိုးသားတစ်ဦး စက်တင်ဘာ ၁၃ ရက် နံနက် ၈ နာရီခွဲခန့်က ၎င်းကိုင်ဆောင်သော ဖုန်းနှင့် ယာဉ်မောင်း လိုင်စင်၊ ဖိနပ် ၁ ရံ၊ လွယ်အိတ် ၁ လုံး၊ ဦးထုပ် ၁ လုံးတို့အား ထားရှိကာ ပျောက်ဆုံးနေသဖြင့် ပဲခူးမြစ်အတွင်း ခုန်ချသွားသည်ဟုယူစရ၍ ရန်ကုန်- သန်လျင် အမှတ် (၁) တံတား လုံခြုံရေးအဖွဲ့မှ သန်လျင်မြို့မရဲစခန်းသို့ သတင်းပေးပို့သဖြင့် သက်ဆိုင်ရာတာဝန်ရှိသူများနှင့် ရန်ကုန်တောင်ပိုင်းခရိုင်မီးသတ်ဦးစီးဌာန ခရိုင်မီးသတ်ဦးစီးမှူး ဦးကျော်လွင်ဦး ဦးဆောင်သော ရေပြင်ရှာဖွေကယ်ဆယ်ရေးအဖွဲ့များနှင့် ပြည်သူများပူးပေါင်းရှာဖွေရာ တွေ့ရှိခြင်းမရှိခဲ့ကြောင်းနှင့် ရှာဖွေကယ်ဆယ်ရေး ဒုတိယနေ့ စက်တင်ဘာ ၁၄ ရက် ညနေ ၅ နာရီခွဲခန့်တွင် သန်လျင်မြို့ ငပကျေးရွာအနီး ပဲခူးမြစ်အတွင်း လူသေအလောင်းတွေ့ရှိကြောင်း တာဝန်သိပြည်သူတစ်ဦးမှ သန်လျင်မြို့မရဲစခန်းသို့ဖုန်းဖြင့် အကြောင်းကြားခဲ့သည်။
သန်လျင်မြို့မရဲစခန်း စခန်းမှူး ဒုရဲမှူး စိုးဝင်းနှင့် ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ ရှာဖွေကယ်ဆယ်ရေး အဖွဲ့များ၊ လူမှုရေးအသင်းအဖွဲ့များ၊ ပရဟိတအဖွဲ့များနှင့် ပြည်သူများ ပူးပေါင်းကာ သေဆုံးသူအလောင်းအား ဆယ်ယူကာ သန်လျင်အထွေထွေရောဂါကုဆေးရုံသို့ ပို့ဆောင်ထားကြောင်း သိရသည်။
အဆိုပါ သေဆုံးသူမှာ အောင်ကျော်ထွန်း (၂၉) နှစ်၊ အောင်မင်္ဂလာရပ်ကွက်၊ သန်လျင်မြို့နယ် နေသူဖြစ်ကြောင်းနှင့် စက်တင်ဘာ ၁၃ ရက် နံနက်ပိုင်းက နေအိမ်မှ အလုပ်ရှိရာ တောင်ဒဂုံစက်မှုဇုန်သို့ ထွက်သွားခြင်းဖြစ်ကြောင်း သေဆုံးသူ အမထံမှသိရှိရပြီး သေဆုံးမှုအား သန်လျင်မြို့မရဲစခန်းမှ သေမှုသေခင်းအမှတ်စဉ်- ၇ ဖြင့် အမှုဖွင့်စစ်ဆေးလျက်ရှိကြောင်း သိရသည်။
သက်ခိုင် (သန်လျင်)