ရန်ကုန်  ၉  ဇူလိုင်

ဂျပန်နိုင်ငံမှ မီးရထားသံလမ်းများ ရန်ကုန်မြို့ ဆူးလေဆိပ်ကမ်းသို့ သင်္ဘောဖြင့် ဇွန်လနောက်ဆုံးပတ်က ၁၅ ခေါက်မြောက် ရောက်ရှိလာရာ ပြည်တွင်းခရီးသွားလာမှုကို အထောက်အကူဖြစ်စေမည့်  ရန်ကုန်-တောင်ငူ ရထားလမ်းပိုင်းအား ဆက်လက်အဆင့် မြှင့်တင်လျက်ရှိကြောင်း သိရသည်။

 

မြန်မာနိုင်ငံသို့ ၂၀၁၉ ခုနှစ်၊ မေလ ၁ ရက်နေ့မှ ပထမဆုံးအကြိမ်အဖြစ် သင်္ဘောဖြင့် မီးရထားသံလမ်းများ ရောက်ရှိခဲ့ပြီး စုစုပေါင်းခေါက်ရေ ၂၂ ခေါက်ပို့ဆောင်ရာ၌ ၁၅ ခေါက်ရောက်ရှိခြင်း ဖြစ်ပြီး တစ်ခေါက်လျှင် ပျမ်းမျှအားဖြင့် သံလမ်းတန်ချိန် ၂၉၀၀ မှ ၃၀၀၀ ကျော် ထိတင်ပို့လျက်ရှိရာ သံလမ်းတန်ချိန် ၂၉၀၀ ကျော်ကို ဇွန်လ ၃၀ ရက်နေ့က ဆူးလေဆိပ်ကမ်းမှ မီးရထားဖြင့် သတ်မှတ်နေရာ သုံးနေရာသို့ ပို့ဆောင်ခဲ့ခြင်းဖြစ်သည်။

 

ကိုဗစ်-၁၉ ရောဂါကြောင့် ရန်ကုန်-တောင်ငူ ရထားလမ်းပိုင်း အဆင့်မြှင့်တင်မှုလုပ်ငန်း အနည်းငယ်ထိခိုက်ခဲ့သော်လည်း ရန်ကုန်-မန္တလေး ရထားလမ်းပိုင်း အဆင်မြှင့်တင့်မှုကို ၂၀၂၃ ခုနှစ်တွင် ပြီးစီးရန် လျာထားခြင်းကြောင့် ရန်ကုန်-တောင်ငူလမ်းပိုင်း အဆင့်မြှင့်တင်ခြင်း လုပ်ငန်းများ ဆက်လက် ဆောင်ရွက်နေစဉ်အတွင်း တောင်ငူ-မန္တလေးလမ်းပိုင်း အဆင့်မြှင်တင်မှုနှင့် ချိတ်ဆက်ရန် ဆောင်ရွက် လျက်ရှိသည်။

 

 “ရန်ကုန်-တောင်ငူလမ်းပိုင်း အဆင့်မြှင့်တင်ခြင်းလုပ်ငန်းမှာ CP-101 ပဲခူးကနေ CP-103 တောင်ငူထိ အဆင့်မြှင့်တင်ခြင်း လုပ်ငန်းတွေကို လုပ်နေဆောင်ပါတယ်။ လက်ရှိတစ်လမ်းသွား စနစ်ကို အသုံးပြုထားပြီးတော့ ပဲခူး၊‌‌‌ ညောင်လေးပင်၊ တောင်ငူလမ်းပိုင်းတွေကို ဂျပန်ကုမ္ပဏီတွေက လုပ်ဆောင်နေပါတယ်။ ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီမှာ လမ်းပိုင်းအဆင့်မြှင်တင်မှု ပြီးစီးဖို့ လျာထားတဲ့အတွက် အခက်အခဲတွေ ရှိပေမယ့် လုပ်ငန်းကို အရှိန်မပြတ် ဆက်လက် လုပ်ဆောင်နေပါတယ်” ဟု မြန်မာ့မီးရထား၊ အမှတ် ၇ တိုင်း မန်နေဂျာ ဦးကျော်မျိုးလွင်က ပြောသည်။

 

ရထားလမ်းပိုင်း အဆင့်မြှင့်တင်ရာ၌ ကဏ္ဍ ၈ ရပ်ဖြင့် လုပ်ဆောင်လျက်ရှိပြီး ရန်ကုန်-ပဲခူး CP-101၊ ပဲခူး-ညောင်လေးပင် CP-102၊ ညောင်လေးပင်-တောင်ငူ CP-103 လမ်းပိုင်း အဆင့်မြှင့်တင်မှုကို ကဏ္ဍ ၃ ရပ်ဖြင့်လည်းကော‌‌င်း၊ DEMU တွဲဆိုင်းများ ၀ယ်ယူမှုကဏ္ဍ၊ ထိုတွဲဆိုင်းများကို ထိန်းသိမ်းမှုကဏ္ဍ၊ ရထားပြေးဆွဲမှု ထိန်းချုပ်သောကဏ္ဍ၊ ရထားသံလမ်း ကွန်ကရစ် ဇလီဖားတုံးနှင့် ဆက်စပ် ပစ္စည်း၀ယ်ယူမှု ကဏ္ဍနှင့်အချက်ပြလျှပ်စစ် ပစ္စည်းထောက်ပံ့မှု ကဏ္ဍတို့ဖြင့် ကဏ္ဍ ၈ ရပ်ကို တစ်ပြိုင်တည်း လုပ်ဆောင်လျက်ရှိသည်။

 

ရန်ကုန်-မန္တလေးခရီးစဉ်တွင်  အဆန် ၂ စီး၊ အစုန် ၁ စီးဖြင့် ကိုဗစ်-၁၉ ရောဂါသတ်မှတ် စည်းကမ်းနှင့်အညီ ခရီးစဉ်ပြေးဆွဲပေးလျက်ရှိပြီး ရထားလမ်းပိုင်း အဆင့်မြှင့်တင်မှုပြီးစီးပါက  ၁၇ နာရီခွဲ အချိန်ကြာမြင့်ရာမှ ၈ နာရီဖြင့် ရောက်ရှိမည်ဖြစ်သည်။ လက်ရှိအသုံးပြုနေသော ရန်ကုန်-မန္တလေး ရထားလမ်းပိုင်းမှာ ၁၉၅၉ ခုနှစ်တွင် စတင်အသုံးပြုခဲ့ခြင်းဖြစ်ပြီး လမ်းပိုင်းဆိုင်ရာ၊ စက်ခေါင်းနှင့် ရထားတွဲဆိုင်းများ အချိန်ကြာသည်နှင့်ကြံ့ခိုင်မှု အားနဲလာ၍ ပြေးဆွဲမှုအချိန် ကြာရှည်သောကြောင့်  မီးရထားသံလမ်းများ အဆင့်မြှင့်တင်မှုနှင့်အတူ ရထားစက်ခေါင်းနှင့်တွဲဆိုင်း တစ်ဆက်တည်းပါရှိသော DEMU ရထားများဖြင့် ပြေးဆွဲရန် ဂျပန်နိုင်ငံဂျိုက်ကာ အကူအညီဖြင့် ရန်ကုန်-တောင်ငူ လမ်းပိုင်းကို   မြန်မာ့မီးရထားမှ အဆင့်မြှင့်တင်ခြင်းလုပ်ငန်းများ အရှိန်မပြတ် ဆက်လက်အ‌ကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

သန်းထိုက်