ရန်ကုန် ၃၀ စက်တင်ဘာ
ရန်ကုန်-မန္တလေး ရထားလမ်းပိုင်းအတွင်းရှိ ရထားလမ်းပိုင်းစီမံကိန်း (အဆင့်-၁) ဖြစ်သော ရန်ကုန်-တောင်ငူ လမ်းပိုင်းအရှည် ၁၆၆ မိုင်ကို အောက်တိဘာ ၁ ရက်မှစတင်၍ စီမံကိန်း အဆင့်မြှင့်တင်ရေးလုပ်ငန်းများ စတင်ဆောင်ရွက်မည်ဖြစ်ရာ ရထားအချိန်စာရင်းများကို အောက်တိုဘာ ၁ ရက်မှစတင် ၍ ပြောင်းလဲပြေးဆွဲသွားမည်ဖြစ်ကြောင်း မြန်မာ့မီးရထားမှသိရသည်။
ရန်ကုန်-မန္တလေးပြေးဆွဲနေသော ရန်ကုန်ဘူတာကြီးမှ ညနေ ၃ နာရီတွင် ထွက်ခွာသည့် အမှတ် ၅ အဆန် ရထား၊ ညနေ ၃ နာရီ ၄၅ မိနစ်တွင်ထွက်ခွာသည့် အမှတ် ၃ အဆန် ရထား၊ နံနက် ၅ နာရီတွင်ထွက်ခွာသည့် အမှတ် ၁၁ အဆန်ရထားနှင့် မန္တလေးဘူတာမှညနေ ၃ နာရီတွင် ထွက်ခွာသည့်အမှတ် ၆ အစုန်ရထား၊ ညနေ ၄ နာရီခွဲတွင်ထွက်ခွာသည့် အမှတ် ၄ အစုန်ရထား၊ နံနက် ၅ နာရီတွင်ထွက်ခွာသည့်အမှတ် ၁၂ အစုန်ရထားများကိုဆက်လက် ပြေးဆွဲသွားမည်ဖြစ်သည်။
အမှတ် ၁ အဆန်၊ အမှတ် ၂ အစုန်ဖြစ်သော ရန်ကုန်-မန္တလေး စာပို့ရထားနှင့် အမှတ် ၉ အဆန်၊ အမှတ် ၁၀ အစုန်ဖြစ်သည့် ရန်ကုန်-သာစည် စာပို့ရထားများအား စီမံကိန်းဆောင်ရွက်နေစဉ်ကာလအတွင်း ယာယီရပ်နားထားမည်ဖြစ်ကြောင်း သိရသည်။
ရန်ကုန်-နေပြည်တော် ပြေးဆွဲနေသော ရန်ကုန်ဘူတာကြီးမှ ည ၇ နာရီတွင်ထွက်ခွာသည့် အမှတ် ၇ အဆန်ရထားအား တနင်္ဂနွေနေ့တွင်လည်းကောင်း၊ နေပြည်တော်ဘူတာမှ ည ၉ နာရီတွင်ထွက်ခွာသည့် အမှတ် ၈ အစုန်ရထားအား သောကြာနေ့တွင်လည်းကောင်း ပြေးဆွဲပေးသွားမည်ဖြစ်ပြီး စနေနှင့် တနင်္ဂနွေနေ့တို့သည် အခြားရုံးပိတ်ရက်များနှင့် ဆက်စပ်နေပါက လိုအပ်သလို ပြင်ဆင်ပြေးဆွဲပေးသွားမည် ဖြစ်ကြောင်း၊ ရန်ကုန်-နေပြည်တော် ပြေးဆွဲနေသည့် အမှတ် ၃၁ အဆန်၊ အမှတ် ၃၂ အစုန်ရထားအား ယာယီရပ်နားထားမည်ဖြစ်ကြောင်း မြန်မာ့မီးရထားမှသိရသည်။
ရန်ကုန်-မော်လမြိုင်ပြေးဆွဲနေသော ရန်ကုန်ဘူတာကြီးမှ နံနက် ၆ နာရီခွဲထွက်ခွာသည့် အမှတ် ၈၉ အဆန်ရထား၊ မော်လမြိုင်ဘူတာမှ နံနက် ၈ နာရီတွင် ထွက်ခွာသည့် အမှတ် ၉၀ အစုန်ရထား၊ရန်ကုန်-ထားဝယ်ပြေးဆွဲနေသော ရန်ကုန်ဘူတာကြီးမှ ည ၆ နာရီထွက်ခွာသည့် အမှတ် ၁၇၅ အဆန်
ရထားနှင့် ထားဝယ်ဘူတာမှ နံနက် ၆ နာရီတွင်ထွက်ခွာသည့် အမှတ် ၁၇၆
အစုန်ရထားများအားဆက်လက်ပြေးဆွဲပေးသွားမည်ဖြစ်ပြီး အမှတ် ၃၅ အဆန်၊ အမှတ် ၃၆ အစုန်ဖြစ်သည့် ရန်ကုန်-မော်လမြိုင်ရထားနှင့်အမှတ် (၁၅/၁၆/၁၇) ဖြစ်သည့် နေပြည်တော် မော်လမြိုင်ရထားများအား ယာယီ ရပ်နားသွားမည်ဖြစ်သည်။
ရန်ကုန်-နေပြည်တော်ပြေးဆွဲနေသည့် အမှတ် ၃၁ အဆန်၊ အမှတ် ၃၂ အစုန်ရထားအား ယာယီရပ်နားထားခြင်းကြောင့် အမှတ် ၁၁ အဆန်၊ အမှတ် ၁၂ အစုန်ရထားသည် ကျောက်တံခါး၊ ကညွတ်ကွင်း၊ ဇေယျဝတီ၊ မြို့လှနှင့် သာဝတ္ထိဘူတာများ၌ ထပ်တိုးရပ်တန့်သွားမည်ဖြစ်သည်။
သင်္ဃန်းကျွန်း-တောင်ငူခရီးစဉ်ပြေးဆွဲနေသောအမှတ် ၁၉ အဆန်၊အမှတ် ၂၀ အစုန်ရထားအား ပဲခူး-တောင်ငူခရီးစဉ်အဖြစ် ပြောင်းလဲပြေးဆွဲပေးသွားမည်ဖြစ်ပြီး ၎င်းရထားဖြင့်ပင် တောင်ငူ-သာစည် ပြေးဆွဲသည့်အမှတ် ၂၁ အဆန်၊ အမှတ် ၂၂ အစုန် ရထားများအား rbe ရထားဖြင့် အစား ထိုးပြေးဆွဲပေးသွားမည်ဖြစ်သည်။
ရန်ကုန်-မန္တလေး ရထားများအချိန်စာရင်း ပြောင်းလဲပြေးဆွဲခြင်းကြောင့် ရန်ကုန်ဆင်ခြေဖုံး ရထားများဖြစ်သော ရန်ကုန်-အုတ်ဖိုစု၊ရန်ကုန်-အရှေ့ပိုင်းတက္ကသိုလ်၊ ရန်ကုန်-ရွာသာကြီးနှင့် ရန်ကုန်-တိုးကြောင်ကလေး ရထားများကိုပါ အချိန်စာရင်းပြင်ဆင် ပြေးဆွဲသွားမည်ဖြစ်ရာ ပြင်ဆင်
ပြောင်းလဲပြေးဆွဲမည့် ရထားများအချိန်စာရင်းများကို သက်ဆိုင်ရာဘူတာအသီးသီး၌ ရထားစီးခရီးသည်များသိရှိစေရန်အတွက် အသိပေး ကြေညာထားကြောင်း မြန်မာ့မီးရထားမှ သိရသည်။
ပွင့်သစ္စာ


