ရန်ကုန် ၂၈ နိုဝင်ဘာ
ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ တိုင်းရင်းဆေးပညာဦးစီးဌာန၊ ရန်ကုန် တိုင်းရင်းဆေးရုံကြီးနှင့် မြန်မာနိုင်ငံတိုင်းရင်းဆေးဆရာအသင်း (ရန်ကုန်တိုင်းဒေသကြီး) တို့ပူးပေါင်းပြီး “ စဉ်ဆက်မပြတ် တိုင်းရင်းဆေးပညာ စုပေါင်းဆွေးနွေးပွဲ” ကို ယနေ့မွန်းလွဲ ၂ နာရီက ရန်ကုန်မြို့ ဗဟန်းမြို့နယ်ရှိ ရန်ကုန်တိုင်းရင်းဆေးရုံကြီး အစည်းအဝေးခန်းမ၌ ပြုလုပ်သည်။
ဆွေးနွေးပွဲတွင် အခမ်းအနား သဘာပတိ ရန်ကုန်တိုင်းဒေသကြီး မြန်မာနိုင်ငံ တိုင်းရင်းဆေးဆရာအသင်း ဒုတိယဥက္ကဋ္ဌ ဦးကြည်မောင် က အမှာစကားပြောကြားပြီး ထိပ်ကပ်နာရောဂါနှင့် တိုင်းရင်းဆေးပညာ စာတမ်းကို စာတမ်းရှင် ရန်ကုန်တိုင်း ဒေသကြီး ကွမ်းခြံကုန်းမြို့နယ် လက်ထောက်တိုင်းရင်းဆေးမှူး ဆရာမ ဒေါ်ညိုညိုသင်း က ဖတ်ကြားသည်။
ထို့နောက် ဆွေးနွေးပွဲသို့ တက်ရောက်လာကြသည့် တိုင်းရင်းဆေး သမားတော်များက ထိပ်ကပ်နာရောဂါနှင့် ပတ်သက်ပြီး ဝိုင်းဝန်းဆွေးနွေးကြသည်။
မြန်မာနိုင်ငံ တိုင်းရင်းဆေးပညာဆိုင်ရာ အကြံပေးအဖွဲ့ အတွင်းရေးမှူး ဂရိတ်ဝေါလ် တိုင်းရင်းဆေးမှ ဦးမောင်မောင်ဦးက “ တိုင်းရင်းဆေးပညာလောကမှာ မျိုးဆက်သစ်လေးတွေက တော်ကြပါတယ်။ ဒီနေ့စာတမ်း ဖတ်သွားတဲ့ ဆရာမလေးက တိုင်းရင်းဆေးတက္ကသိုလ် ကျောင်းဆင်းပါ။ သူစာတမ်းက သူကိုယ်တိုင်ကျိုးစားပြီး လုပ်ထားတဲ့စာတမ်းပါ။ ပြည့်စုံမှုလည်းရှိတယ်။ စနစ်ကျတယ်။ ခေတ်မီတဲ့ အသွင်သဏ္ဍာန်လည်းရှိပါတယ်။ နိုင်ငံတကာစာတမ်း ဖတ်ပွဲတွေမှာဆိုရင်လည်း တိုင်းရင်းဆေးကို ခေတ်မီနည်းတွေနဲ့ တင်ပြကြတယ်။ အခုစာတမ်းကလည်း ဒီလိုပါပဲ။ တိုင်းရင်းဆေးရဲ့အမြင်ကိုလည်း ပြောပြထားတယ်။ ခေတ်မီသိပ္ပံနည်း ပညာ အမြင်နဲ့လည်း တင်ပြထားတယ် “ ဟု ပြောသည်။
ထပ်ကပ်နာရောဂါသည် အဖြစ်များသော ရောဂါတစ်ခုဖြစ်ပြီး ကမ္ဘာပေါ်တွင် နှစ်စဉ် လူသန်းပေါင်း ၃၀ ခန့် ခံစားနေရသော ရောဂါတစ်ခုဖြစ်ကြောင်း၊ ထိပ်ကပ်နာ ရောဂါ ခံစားနေရသော လူ ၂ သိန်းခန့်သည် ခွဲစိတ်ကုသမှု ခံယူနေရကြောင်း ယနေ့ စာတမ်းဖတ်ပွဲက သိရသည်။
ထိပ်ကပ်နာသည် အရွယ်မရွေးဖြစ်ပွားနိုင်သော်လည်း လူလတ်ပိုင်းတွင် အဖြစ်များသော ရောဂါတစ်ခုဖြစ်ကြောင်း ထိပ်ကပ်နာရောဂါသည် အသက်အန္တရာယ် ထိခိုက်နိုင်သော ရောဂါမဟုတ်သော်လည်း ကုသမှုမခံယူပါက အမြင်အာရုံချို့တဲ့ခြင်း၊ ဦးနှောက်အမြှေးပါးရောင်ခြင်းနှင့် ဦးခေါင်းနှင့်ပတ်သက်သောရောဂါတို့ကို ခံစားစေ နိုင်သော ရောဂါဖြစ်ကြောင်း သိရသည်။
စာတမ်းရှင် ဆရာမ ဒေါ်ညိုညိုသင်း က “ ထိပ်ကပ်နာရောဂါက လူလတ်ပိုင်း တွေမှာပိုပြီး အဖြစ်များတယ်။ ကလေးတွေမှာတော့ ဖြစ်တာနည်းတယ်။ ဖြစ်တာ နည်းတာ များတာပဲကွာတယ်။ ထိပ်ကပ်နာက ဦးခေါင်းပိုင်းဆိုင်ရာ အအေးပတ်မှုတွေ များမယ်ဆိုရင် ပိုပြီးဖြစ်တယ်။ ထိပ်ကပ်နာက နှာခေါင်းထဲမှာရှိတဲ့ လှိုဏ်(Sinus)ကလေး တွေ ရောင်လာတဲ့အတွက် ထိပ်ကပ်နာ ဖြစ်တာပါ။ ထိပ်ကပ်နာကို တိုင်းရင်းဆေးနဲ့ ကုသလို့ရပါတယ်။ ကုသနည်း ကတော့ ဖြစ်တဲ့အပေါ် မူတည်ပြီး တစ်ပတ်လောက် ကုရတာရှိတယ်။ သုံးရက်လောက် ကုရတာ ရှိတယ်။ တစ်ချို့ကျတော့လည်း ကုသမှုကြာတာရှိတယ်။ ရောဂါခံစားနေရတဲ့ ရောဂါလက္ခဏာပေါ် မူတည် ပါတယ် “ ဟု ပြောသည်။
ယနေ့ ဆွေးနွေးပွဲသို့ တိုင်းရင်းဆေးကောင်စီ၊ ရန်ကုန်တိုင်းဒေသကြီး တိုင်းရင်း ဆေးဆရာအသင်း၊ မြန်မာနိုင်ငံ တိုင်းရင်းဆေးပညာဆိုင်ရာ အကြံပေးအဖွဲ့တို့မှ တာဝန်ရှိသူများ၊ ရန်ကုန် တိုင်းရင်းဆေးရုံကြီးမှ ဆေးရုံအုပ်ကြီးနှင့် တိုင်းရင်းဆေး သမားတော်များ တက်ရောက်ကြသည်။
(သတင်းနှင့်ဓာတ်ပုံ/မင်းသစ်(MNA))