ရန်ကုန် ၂၇ စက်တင်ဘာ
ရန်ကုန် Water Bus အကြီးစားပြင်ဆင်မှုများ ဆောင်ရွက်ရန်အတွက် ပြေးဆွဲမှုကို ယခုလ ၂၇ ရက်မှစ၍ အောက်တိုဘာ ၃၀ ရက်အထိ တစ်လကျော်ကြာ ခေတ္တရပ်နားထားမည်ဖြစ်ကြောင်း ရန်ကုန် Water Bus မှ Operation မန်နေဂျာ ဦးငွေဖြိုးပိုင် က ပြောသည်။
ထိုသို့ ခေတ္တ ရပ်နားခြင်းမှာ မိုးရာသီတွင် ပျက်စီးခဲ့သည့် ဆိပ်ကမ်းများကို ပြုပြင်ရန်၊ ရေယာဉ်များ အကြီးစားပြုပြင်ရန်၊ ငမိုးရိပ်ချောင်းအတွင်း ပြေးဆွဲမည့် ရေယာဉ်များတင်သွင်းရန်၊ ငမိုးရိပ်ချောင်းဆိပ်ကမ်းများ ဆောက်လုပ်ခွင့်ရရှိရန်၊ သံလျင်ဆိပ်ကမ်းပြုပြင်ဆောက်လုပ်ရန်၊ ငွေပေးချေစနစ်သစ်အတွက် စက်များတပ်ဆင်ရန်တို့ဖြစ်ကြောင်း ၎င်းက ဆက်ပြောသည်။
“ရပ်နားတဲ့အကြောင်းရင်းကတော့ အကြီးစားပြင်ဆင်မှုတွေ လုပ်စရာရှိတယ်၊ ပြီးရင် သင်္ဘောတွေက နှစ်နှစ်လောက်ကို သုံးပြီးသွားပြီဆိုတော့ အကြီးစားပြင်ဆင်မှုတွေ လုပ်စရာလိုလာလို့ Jetty တွေလည်း ပြန်ပြင်မယ်၊ Upgrade ပန်လုပ်ချင်လို့ပါ၊ လက်မှတ်စနစ်တွေကစ အကုန် အသစ်ပြန်လုပ်ချင်တာရယ် သင်္ဘောအသစ် ၁၈ စီး ရောက်လာရင် အဲဒါနဲ့ အစားထိုးပြီးတော့ ပြေးဆွဲပေးသွားမှာပါ၊ သင်္ဘောအသစ် ၁၈ စီးကို အင်အားဖြည့်ပြီးတော့ အစားထိုးသင့်တာတွေ အစားထိုးမယ်၊ အင်အားဖြည့်သင့်တာတွေ အင်အားဖြည့်မယ်”ဟု ဦးငွေဖြိုးပိုင် က ပြောသည်။
ယခုကဲ့သို့ ပြေးဆွဲမှု ယာယီရပ်နားရခြင်းမှာ အပြီးပိတ်သိမ်းခြင်းမဟုတ်ဘဲ လိုအပ်သည့် ပြင်ဆင်မှုများ ပြုလုပ်နိုင်ရန်အတွက်ဖြစ်ကြောင်း သိရသည်။
ယင်းသို့ တစ်လကျော်ရပ်နားပြီး ပြန်လည် ဖွင့်လှစ်ချိန်တွင်လည်း ယခုထက်ပိုမို ကောင်းမွန်သော ဝန်ဆောင်မှုများဖြင့် အများပြည်သူအတွက် ပြေးဆွဲပေးမည် ဖြစ်ကြောင်း သိရသည်။
Water Bus ကို တင့်တင့် မြန်မာကုမ္ပဏီက ၂၀၁၇ အောက်တိုဘာ ၇ ရက်မှစ၍ အင်းစိန်မှ ဗိုလ်တထောင်မြို့နယ်အထိ စတင်ပြေးဆွဲခဲ့ပြီး ပြေးဆွဲမူယာယီမရပ်နားမီ အချိန်အထိ နေ့စဉ်ရေယာဉ် ၁၁ စီးဖြင့် ပြေးဆွဲခဲ့ကာ တစ်လလျှင် ခရီးသည် တစ်သိန်းဝန်းကျင်ကို သယ်ဆောင်ပြေးဆွဲပေးနေကြောင်း သိရသည်။
ထို့ပြင် ရန်ကုန် Water Bus အနေဖြင့် နေ့စဉ် ပုံမှန်ခရီးစဉ် အပြင် ဘုရားဖူးနှင့် အပျော်စီးခရီး စဉ်များအတွက်လည်း ပြေးဆွဲပေးနေကြောင်း သိရသည်။
Nyein Nyein


