ရန်ကုန် ၂၁ ဒီဇင်ဘာ
ရန်ကုန် ကလျာဏယုဝ ခရစ်ယာန်အသင်း (YMCA) က ကြီးမှူးကျင်းပသည့် ကျေးဇူးတော်ချီးမွမ်းခြင်းနှင့် မွေးနေ့တော်ညစာစားပွဲ အခမ်းအနားကို ယနေ့ညပိုင်းက ရန်ကုန်မြို့၊ ဗိုလ်တထောင်မြို့နယ်၊ မဟာဗန်ဓုလမ်း အမှတ်(၂၆၃)ရှိ အဆိုပါ အသင်း၌ ကျင်းပသည်။
ရှေးဦးစွာ ပဏာမ သမ္မာကျမ်းစာ ဖတ်ကြားခြင်း၊ ကောင်းချီးတောင်းခံခြင်း၊ ဂုဏ်တော်ချီးမွမ်းခြင်း၊ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အတွက် အထူးဆုတောင်းခြင်း၊ သမ္မာကျမ်းစာတော်မြတ်ဖတ်ကြားခြင်း၊ မွေးနေ့တော် သတင်းကောင်းဝေမျှခြင်း၊ ကောင်းချီးပေးခြင်းတို့ကို ရန်ကုန် ကလျာဏယုဝ ခရစ်ယာန်အသင်းမှ ဘုတ်အဖွဲ့ဝင်များနှင့် သိက္ခာတော်ရ ဆရာများက ဆောင်ရွက်ကြသည်။
ထို့နောက် ရန်ကုန် ကလျာဏယုဝ ခရစ်ယာန်အသင်း ဥက္ကဋ္ဌ ဒေါက်တာတင်လှက ကြိုဆိုနှုတ်ခွန်းဆက် စကားပြောကြားပြီး ခရစ်တော်၏ မွေးနေ့တော်အတွက် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကို ပေးပို့သော သဝဏ်လွှာကို ရန်ကုန်တိုင်းဒေသကြီး သာသနာရေးမှူး ညွန်ကြားရေးမှူး ဦးစိန်မော်က ဖတ်ကြားသည်။
ယင်းနောက် မြန်မာအကဖြင့်လည်းကောင်း၊ ရန်ကုန် YMCA ဝန်ထမ်းများက YMCA သီချင်းဖြင့်လည်းကောင်း ဖျော်ဖြေမှုများပြုလုပ်ပြီး မွေးနေ့တော်အတွက် ကျေးဇူးတော် ချီးမွမ်းကာ ညစာစားပွဲကို ကျင်းပကြသည်။
အခမ်းအနားသို့ ရန်ကုန် YMCA ဥက္ကဋ္ဌနှင့် ဘုတ်အဖွဲ့ဝင်များ၊ ဘာသာပေါင်းစုံမှ ခေါင်းဆောင်များနှင့် ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာများ၊ အသင်းအဖွဲ့များနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။
သတင်းစဉ်