ရန်ကုန် ၂၇ နိုဝင်ဘာ

 

ရန်ကုန်မြို့ လမ်းမတော်မြို့နယ်ရှိ အမှတ်(၁)အထက်တန်းကျောင်း (ယခင်စိန်ဂျွန်းကျောင်း)မှာ  နှစ်ပေါင်း(၁၅၄)နှစ်ကျော် တည်ရှိခဲ့ပြီဖြစ်ရာ ရန်ကုန်မြို့တော်၏ မြို့ပြအမွေအနှစ် (World Heritage) အဖြစ် အပြာရောင်ကဗ္မည်းပြား(Blue Plaque)ကို ဒီဇင်ဘာ ၁ ရက်တွင် တပ်ဆင်မည်ဖြစ်ကြောင်း သိရသည်။

 

 “ကျွန်တော်တို့ လမ်းမတော်အမှတ်(၁) အထက်တန်းကျောင်းကြီးကို ရန်ကုန်မြို့တော်ရဲ့ မြို့ပြအမွေအနှစ်တစ်ခုအဖြစ် အပြာရောင်ကမ္ဗည်းပြားတပ်ဆင်မှာကို မြို့ပြအမွေအနှစ် ထိန်းသိမ်းတဲ့အနေနဲ့ ဂုဏ်ယူမဆုံးဖြစ်ရပါတယ်။ ဖြစ်လည်းဖြစ်သင့်တဲ့ အဆောက်အဦးလည်း ဖြစ်ပါတယ်” ဟု စိန်ဂျွန်းကျောင်းသားဟောင်းအသင်းမှ အမှုဆောင်တစ်ဦးဖြစ်သူ ဦးမြင့်ဆွေကပြောသည်။

 

၁၈၆၄ ခုနှစ် မတ်လ ၁၄ ရက်တွင် St. John College S.P.G (Society for Propagation of  Gospel)  အမည်ဖြင့် အင်္ဂလန်သာသနာပြု ဘုန်းတော်ကြီး Dr.John Ebenezer Marks က စတင်တည်ထောင်ဖွင့်လှစ်ခဲ့ပြီး ကျောင်းဆောင်သစ်ကို ၁၈၆၉ ခုနှစ်တွင် ဝန်ရှင်တော်မင်းကြီး Major General Albert Fytche က အုတ်မြစ်ချ၍ Best House ဟုခေါ်တွင်ခဲ့ကာ ၎င်းကျောင်းဆောင်သစ်ကို ယနေ့တွင် ဓာတ်ခွဲခန်းအဖြစ် အသုံးပြုလျက်ရှိသည်။

 

မြန်မာနိုင်ငံတွင် ကင်းထောက်လူငယ် Boy’s Scout ကို စိန်ဂျွန်းကျောင်းမှ ပထမဆုံး စတင်ခဲ့ခြင်းဖြစ်ပြီး (၁၉၅၀)ခုနှစ်မှ(၁၉၆၅)ခုနှစ်ထိ နှစ်စဉ်ဒေါက်တာမတ် ပညာသင်ဆုကို ချီးမြှင့်ခဲ့ကာ ယင်းနောက်ပိုင်းတွင် အခြေခံပညာဦးစီးဌာနလက်အောက်ရှိ လူငယ်ရေးရာဌာနခွဲမှ လူရည်ချွန်ဆုများကို ဆက်လက်ပေးအပ်ခဲ့ကြောင်း သိရသည်။

 

နှစ်ပေါင်း(၁၅၄)နှစ်ကျော်လွန်ခဲ့ပြီဖြစ်သော လမ်းမတော် အ.ထ.က(၁) ယခင်စိန်ဂျွန်းကျောင်းမှ နိုင်ငံ့ခေါင်းဆောင်များနှင့်ဌာနဆိုင်ရာအကြီးအကဲများကိုမွေးထုတ်ပေးခဲ့ပြီးဖြစ်ရာ UNESCO World Heritage Center (Doha)မှပေးအပ်သော ရန်ကုန်မြို့ပြအမွေအနှစ်ထိန်းသိမ်းစောင့်ရှောက်ေ ရးအဖွဲ့(Y.H.I)၏ ရန်ကုန်မြို့ပြအမွေအနှစ် World Heritage)အဖြစ် အပြာရောင်ကမ္ဗည်းပြား (Blue  Plaque)ကို ဒီဇင်ဘာ ၁ ရက် နံနက် ၉ နာရီတွင် တပ်ဆင်သွားမည်ဖြစ်ကြောင်းသိရသည်။

 

သတင်း-သန်းထိုက်
ဓာတ်ပုံ- ရွှေတိုင်မြင့်လွင့်