ရန်ကုန် ဒီဇင်ဘာ

 

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ရေးဦးစီးဌာန၊ အခြေခံပညာဦးစီးဌာနနှင့် ရန်ကုန်အနောက်ပိုင်းခရိုင် စီမံခန့်ခွဲမှု ကော်မတီတို့ ပူးပေါင်းကျင်းပသော ကလေးစာပေပွဲတော် စာအုပ်စာပေပြပွဲနှင့် စာအုပ်ဈေးရောင်းပွဲတော်ဖွင့်ပွဲ အခမ်းအနားကို ယနေ့ နံနက် ၈ နာရီက  အလုံမြို့နယ်ရှိ အမှတ်(၄) အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပ ခဲ့သည်။

 

ဖွင့်ပွဲအခမ်းအနားတွင် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း၊  ရခိုင်တိုင်းရင်းသား လူမျိုးရေးရာဝန်ကြီး ဦးဇော်အေးမောင်၊  ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးရဲလွင်၊  ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာ ဒေါ်သီတာတင်၊ တိုင်းဒေသကြီးပညာရေးမှူး ဒေါ်ခင်မာဆွေ၊ အနောက်ပိုင်းခရိုင်စီမံခန့်ခွဲမှုကော်မတီဥက္ကဌ ဦးမိုးဇော်စိုး၊ (၂၀၁၉)ခုနှစ် တက္ကသိုလ်ဝင်တန်း ခြောက်ဘာသာဂုဏ်ထူးရှင် မြန်မာတစ်နိုင်ငံလုံး အမှတ်အများဆုံး ပထမဆုရ သုံးထပ်ကွမ်းလူရည်ချွန် မောင်ကျော်လင်းသန်း တို့က ကလေးစာပေပွဲတော် စာအုပ်စာပေပြပွဲနှင့် စာအုပ်ဈေးရောင်းပွဲတော် မုခ်ဦးကို ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့ကြသည်။

 

ထို့နောက် သီရိရတနာကျောင်းခန်းမ၌ ဆက်လက်ကျင်းပခဲ့ရာ အမှတ်(၄)အခြေခံပညာအထက်တန်းကျောင်း အလုံမှ ကျောင်းသား၊ ကျောင်းသူများက ကလေးစာပေပွဲတော် Team Song သီးချင်းအား (တယော)ဖြင့် တင်ဆက် ဧည့်ခံဖျော်ဖြေပြီး၊ အမှတ်(၆)အခြေခံပညာ မူလတန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူများက ကလေးစာပေပွဲတော် Team Song သီးချင်းတို့ ဖြင့် ဖျော်ဖြေသီဆိုခဲ့ကြသည်။

 

အခမ်းအနားတွင် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက အဖွင့်အမှာစကား ပြောကြားခဲ့သည်။

 

ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာ ဒေါ်သီတာတင်က ကလေးစာပေပွဲတော် ကျင်းပရခြင်း ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားသည်။ ယင်းနောက် အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း စမ်းချောင်းမှ ကျောင်းသူလေးများက အပျိုတော်ယိမ်းအကဖြင့် လည်းကောင်း၊ ညောင်ပင်လေး (ကိုယ်ပိုင်အထက်တန်းကျောင်း)က ကျောင်းသား၊ ကျောင်းသူများက ရှမ်းအကဖြင့် လည်းကောင်း၊ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း ကမာရွတ်မှ ကျောင်းသား၊ ကျောင်းသူများက နှလုံးသားသစ္စာ ကျန်စစ်သားအကဖြင့် လည်းကောင်းသီဆိုဖျော်ဖြေခဲ့ကြသည်။

 

ဆက်လက်၍ ရခိုင်တိုင်းရင်းသားလူမျိုးရေးရာ ဝန်ကြီး ဦးဇော်အေးမောင်၊ လွှတ်တော်ကိုယ်စားလှယ်များနှင့် ဌာနဆိုင်ရာများမှ တာဝန်ရှိသူများသည် ကလေးစာပေပွဲတော်အတွင်း ခင်းကျင်းပြသထားသည့် ပြခန်းများကို လှည့်လည်ကြည့်ရှုခဲ့ကြောင်းသိရသည်။

 

ကလေးစာပေပွဲတော်တွင် (မူလတန်းအဆင့်) ကဗျာပြိုင်ပွဲနဲ့ ပုံပြောပြိုင်ပွဲ၊ (အထက်တန်းအဆင့်) စကားရည်လုပြိုင်ပွဲ၊ (မူလတန်း၊ အလယ်တန်း၊ အထက်တန်းအဆင့်) ပန်းချီပြိုင်ပွဲမှာတော့ နားမကြားတဲ့ ကလေးတွေကိုပါ ထည့်သွင်းကျင်းပ ထားမည်ဖြစ်ပြီး  ကလေးစာပေပွဲတော်ကို လာရောက်လည်ပတ်လေ့လာကြမယ့် ကလေးများ မည်သူမဆို  ဝင်ရောက်ယှဉ်ပြိုင်လို့ရတဲ့  Activities များအနေဖြင့် အရုပ်ဆက်၊ စကားပုံဆက်၊  စက္ကူခေါက်ပြိုင်ပွဲ၊  ဆေးရောင်ခြယ်ပြိုင်ပွဲများ ကျင်းပသွားမှာသလို ဆုရရှိသူများကို ဆုများအသီးသီးပေးအပ် ချီးမြှင့်ပေးသွားမည်ဖြစ်သည်။ ထို့အတူ လာရောက်လည်ပတ်ကြမည့် ကလေးငယ်များ ပျော်ရွှင်စေရန် ဂိမ်းကစားနည်း(၉)မျိုးကို ထည့်သွင်းကျင်းပဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

 

အဆိုပါ ကလေးစာပေပွဲတော် စာအုပ်စာစောင်ပြပွဲနှင့် စာအုပ်ဈေးရောင်းပွဲတော်ကို ဒီဇင်ဘာ ၃ ရက်နေ့မှ ၄ ရက်အထိ နံနက် ၉ နာရီမှ ညနေ ၅ နာရီအချိန်ထိ စည်းကားသိုက်မြိုက်စွာကျင်းပသွားမည်ဖြစ်ရာ မည်သူမဆို ပါဝင်ဆင်နွှဲနိုင်ကြောင်းသိရသည်။

 

နိုင်လင်းကျော်(ပြန်/ဆက်)၊ အောင်မြင့်(ပြန်/ဆက်)