ရန်ကုန် ၃ နိုဝင်ဘာ
ရန်ကုန်တိုင်းဒေသကြီး ရန်ကုန်အနောက်ပိုင်းခရိုင် ဆိပ်ကမ်းမြို့နယ်၌ လစ်လပ်တိုင်းဒေသကြီး လွှတ်တော်မဲဆန္ဒနယ် အမှတ်(၂)အတွက် ရဲရိပ်သာရပ်ကွက် မဲရုံအမှတ်(၁)နှင့် ဆိပ်ကမ်းသာမိသာစု ရိပ်သာရပ်ကွက် မဲရုံအမှတ်(၁)တို့တွင် ယနေ့နံနက် ၆ နာရီက စတင်၍ မဲရုံ အသီးသီးတို့တွင် ပြည်သူများ လွတ်လပ်စွာဆန္ဒမဲပေးကြသည်။
ရဲရိပ်သာရက်ကွက် မဲရုံအမှတ်(၁)တွင်တာဝန်ကျသူများ ဖြစ်သောမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့များ ဆရာ၊ ဆရာမများ၊ လူမှုရေးအသင်းအဖွဲ့များ၊ နိုင်ငံရေးပါတီအဖွဲ့များက မဲရုံအတွင်း လိုက်လံစစ်ဆေးပြီး ဖွင့်လှစ်ရန် အချိန်တွင် မဲရုံဖွင့်လှစ်ကြောင်း ကြေညာခြင်း၊ မဲပုံးများကို ဖွင့်မှောက်ခြင်း၊ သေချာစွာ ချည်နှောင်ခြင်းများကို အဖွဲ့လိုက်ပြုလုပ်ကြပြီးနောက် မဲပေးခွင့်ရှိသူပြည်သူများက လွတ်လပ်စွာမဲပေးကြသည်။ထိုသို့မဲပေးမှု အခြေအနေကို ရွေးကောက်ပွဲစောင့်ကြည့်ရေးအဖွဲ့များ၊ နိုင်ငံခြားသံတမန်များ၊ သတင်းထောက်များနှင့် နိုင်ငံရေးပါတီများက ကြည့်ရှုလေ့လာခဲ့ကြသည်။
အဆိုပါ ရဲရိပ်သာရပ်ကွက် မဲရုံအမှတ်(၁)တွင် မဲပေးခွင့်ရှိသူပေါင်း ၇၃၈ ဦးရှိပြီး ကျား ၃၅၀ ဦးနှင့်မ ၃၈၈ ဦး ရှိကြောင်း သိရှိရသည်။အလားတူ ဆိပ်ကမ်းသာ မိသားစုရိပ်သာရပ်ကွက် မဲရုံအမှတ်(၁)တွင်လည်း မဲပေးခွင့်ရှိသူပေါင်း ၆၈၈ ဦး ရှိရာ ကျား ၃၆၄ ဦးနှင့် မ ၃၂၄ ဦး ရှိကြောင်းသိရှိရသည်။
အောင်မြင့် (ပြန်/ဆက်)