ရန်ကုန် ၂ စက်တင်ဘာ
ရန်ကုန်တိုင်းတိုင်းဒေသကြီး၊ ထန်းတပင်မြို့နယ်ရှိ အနောက်ပိုင်းတက္ကသိုလ်လမ်းပိုင်းအား ကျောင်း သား၊ကျောင်းသူများနှင့် ကျေးရွာနေပြည်သူများသွားလာရေးအဆင်ပြေချောမွေ့စေရန် ပေ(၁)သောင်းကျော်အရှည်ရှိသော ကွန်ကရစ်လမ်းကို တိုးချဲ့ခင်းကျင်းလျက်ရှိကြောင်း သိရသည်။
“မိုးရာသီလည်းဖြစ်တယ်၊ဒီရက်မှာဒီရေလည်းတက်တယ်။ တုတ်ခတ်ပြီးမြေသား အောက်ပိုင်း ကိုတူးရတယ်။ ဝင်လာတဲ့ရေကိုစုတ်ထုတ်ရတယ်။ (၁၁)ပေအကျယ်၊ အရှည်(၁၇၀ဝ၀)ပေ ကွန်ကရစ်လမ်းကို သြဂုတ်လဝက်မှာစတင်ပါတယ်။ စက်တင်ဘာလကုန်ပြီးစီးဖို့လျာထားတယ်။ ဒီလမ်းတစ်ဖက်ခြမ်းချဲ့ပြီးသွားရင် ကားလမ်းအလည်ကပေါက်ပြဲနေတာကို ဆက်ပြီးပြင်ဆင်ဖို့ ရှိတယ်။ဒါကြောင့် လမ်းကောင်းသွားမှာပါ။ ဒီနှစ်မှာရံပုံငွေလျာထားတာ မရှိဘူး။ကျောင်းသားတွေ၊ ဆရာတွေသွားနေတဲ့ လမ်းဖြစ်နေတော့မြို့တော်ဝန်ကြီးက မဖြစ်ဖြစ်အောင်ရတဲ့ရံပုံငွေရှာကြံပြီး လုပ်မယ်ဆိုပြီး လုပ်ဆောင်ခဲ့တာပါ။ လာမယ့်နှစ်လည်းအဲ့ဒီလိုပဲ ဆက်ခင်းနိုင်မယ်လို့ ထင်ပါတယ်” ဟု မြောက်ပိုင်းခရိုင် စည်ပင်သာယာရေး ကော်မတီ၊ အင်ဂျင်နီယာဌာန (လမ်းတံတား)မှ AE ဦးကြည်စန်းက ပြောသည်။
လှိုင်သာယာမြို့နယ် အနော်ရထာလမ်းမကြီးအလယ်ရွယ်အနီးရှိ အဝိုင်းကြီးမှ ထန်းတပင်မြို့နယ် အနောက်ပိုင်းတက္ကသိုလ်အနီး လမ်းအရှည် ၁၇၀ဝ၀ ပေ ကွန်ကရစ်လမ်းကိုခင်းခြင်းဖြစ်ရာ မူလကတ္တရာလမ်းအကျယ်(၂၂)ပေတွင် ကားလမ်းဝဲဘက် တိုးချဲ့ခင်းကျင်းမှုမှာ(၁၁)ပေ အကျယ်ကွန်ကရစ်လမ်းဖြစ်၍ လက်ရှိနှစ်လမ်းသွား၌ လမ်းများပျက်ဆီးမှုကြောင့် ယာဉ်နှစ်စီးရှောင်တိမ်းရန် အခက်အခဲ မရှိစေရန်မိုးရာသီတွင် မြန်ဆန်စွာပြီးစီးနိုင်ရန် ဆောင်ရွက်လျက်ရှိကြောင်း၊ ယခုခင်းကျင်းနေသည့်(၁၁)ပေ ကွန်ကရစ်လမ်းပြီးစီးပါက (၃၃)ပေလမ်းတွင် ယခင်ထက်သွားလာရေး အဆင်ပြေစေမည်ဖြစ်ကြောင်း သိရသည်။
အနောက်ပိုင်း တက္ကသိုလ်လမ်းအား(၁၁)ပေ ကွန်ကရစ်လမ်းတိုးချဲ့ခင်းရာ၌ အနက်(၁၅)လက် မတွင်ကွန်ကရစ်ကို (၉)လက်မတစ်လွှာ၊ (၆)လက်မတစ်လွှာဖြင့် နှစ်လွှာခင်းလျက်ရှိပြီး အောက်ခံသဲ ခင်း၍ စက်ယန္တားများဖြင့် မိုးရာသီတွင် သတ်မှတ်ကာလအတွင်း ပြီးစီးနိုင်ရန်အနောက်ပိုင်းတက္ကသို လ်အနီးထိခင်းကျင်းလျက်ရှိ၍ ကျောင်းတစ်ဖက်တွင် လေးလမ်းသွား ကွန်ကရစ်လမ်းခင်းကျင်းပြီးဖြစ်ရာ ကျောင်းရှေ့လမ်းမှ ထန်းတပင်မြို့နယ်သို့ လေးလမ်းသွားခင်းကျင်းထားမှုကြောင့် လှိုင်သာယာ အနောက်ရထာလမ်း အလယ်ရွာအဝိုင်းမှ အနောက်ပိုင်းတက္ကသိုလ်ထိ တိုးချဲ့ကွန်ကရစ်လမ်းခင်းကျင်းပြီးပါက တက္ကသိုလ်မှဆရာ၊ ဆရာမများနှင့်ကျောင်းသား၊ ကျောင်းသူများသွားလာရေး အဆင်ပြေချောမွေ့စေမည့်အပြင် ထိုလမ်းကိုအမှီပြု၍သွားလာနေကြသော ကျေးရွာမှပြည်သူများလည်း သွားလာရေး လွယ်ကူစေမည်ဖြစ်ကြောင်း သိရသည်။
သန်းထိုက်
ဓာတ်ပုံ - သစ္စာ


