ရှင်နော်၊ ဓာတ်ပုံ - ထိန်လင်း

ရန်ကုန် မြို့တော်သည် လွန်ခဲ့သောဆယ်စုနှစ်များနှင့် နှိုင်းယှဉ်လျှင် ပြောင်းလဲတိုးတက်မှုနှုန်းက အရှိန်ရစပြုနေပြီး လူမှုရေး၊ စီးပွားရေး၊ ကျန်းမာရေး၊ ပညာရေးကဏ္ဍများတွင် မတည်မငြိမ်ဖြစ်မှုများ လျော့ပါးလာနေပြီဖြစ်သည်။ မြို့တော်ရန်ကုန်တွင် ရုပ်ပိုင်းဆိုင်ရာ အင်္ဂါရပ်များဖြစ်သည့် အဆောက်အအုံများ၊ လမ်းများ၊ တံတားများ တိုးတက်များပြား ကောင်းမွန်လာရုံသာမက စိတ်ပိုင်းဆိုင်ရာ ပြုပြင်ပြောင်းလဲမှုများ၏ အင်္ဂါရပ်ဖြစ်သည့် ပရဟိတ လုပ်ငန်းများ ပေါ်ပေါက်လာမှုကိုလည်းအများအပြား တွေ့ မြင်လာရပြီဖြစ်သည်။

ရန်ကုန်တိုင်းဒေသကြီးအတွင်း မြို့နယ် အသီးသီး၌ နေထိုင်ကြသည့် လူငယ်လူရွယ်အများစုသည် မိမိအသိစိတ်ဖြင့် ပရဟိတလုပ်ငန်းများတွင် ပါဝင်လုပ်ကိုင်လျက်ရှိသည်ကို တွေ့မြင်ရသည်။ ရန်ကုန်ပရဟိတ လူငယ်အများစုသည် မြို့တော်သန့်ရှင်းရေး လုပ်ငန်းများတွင်လည်းကောင်း၊ မြို့ပြအမွေအနှစ် အဆောက်အအုံ ထိန်းသိမ်းရေး လုပ်ငန်းစဉ်များတွင်လည်းကောင်း၊ ရန်ကုန်မြို့တော်သူ မြို့တော်သားများ၏ ကျန်းမာရေးဆိုင်ရာ အထောက်အကူပြုမှု လုပ်ငန်းများတွင်လည်းကောင်း ကိုယ်တိုင်ကိုယ်ကျ ပါဝင်ဆောင်ရွက်ကြလျက် ရှိသည်ကို တွေ့မြင်ရသည်။

ထို့အတူ ရန်ကုန်မြို့တွင် အခြေစိုက်သော ပရဟိတလူငယ်အများစုသည် ဘိုးဘွားရိပ်သာ ထူထောင်ကာ ကုသိုလ်ယူခြင်း၊ အနယ်နယ်အရပ်ရပ်ရှိ လိုအပ်သူများထံ ရေနှင့်အသုံးအဆောင် ပစ္စည်းများ အခါမလပ် ထောက်ပံ့ကုသိုလ်ယူခြင်းများကို ပြုလုပ်ကြလေ့ရှိသည်။ ယင်းအချက်များသည် စိတ်ဓာတ်များ ဖြူစင်သန့်ရှင်းလာအောင် ပြုလုပ်သော စိတ်ပိုင်းဆိုင်ရာ ပြုပြင်ပြောင်းလဲမှုများပင်ဖြစ်သည်။ ယင်းကဲ့သို့ ကိုယ်ကျိုးစွန့်ကာ အများအကျိုး ဆောင်တတ်သော ပရဟိတသမားများအနက် ဂီတဖြင့် ဖျော်ဖြေမှုများ ပြုလုပ်ခဲ့သော အနုပညာသမားများအကြောင်းကို ယခုသီတင်းပတ်၏ ရန်ကုန်စာမျက်နှာအတွက် ကောက်နုတ် တင်ဆက်လိုက်ပါသည်။

စတင်တည်ထောင်

ရန်ကုန်- မန္တလေး အမြန်လမ်းမကြီးပေါ်ရှိ မိုင်တိုင်အမှတ် ၈၉ မိုင် ၅ ဖာလုံတွင် အဝါရောင် မျိုးဆက်သစ် လူငယ်ပရဟိတအသင်း၏ မိဘမဲ့ကလေးများနှင့် ပညာရေးချို့တဲ့ကလေးများ စောင့်ရှောက်ရေးကျောင်း ဆိုင်းဘုတ်ကလေးကို တွေ့မြင်နိုင်ပေသည်။ ပဲခူးတိုင်းဒေသကြီး ကျောက်တံခါးမြို့နယ် အင်းပတ်လည်ကျေးရွာ အနီးတွင် ဖွင့်လှစ်ထားသော အဆိုပါကျောင်း ကလေးကို ၂၀၁၂ ခုနှစ် ဖေဖော်ဝါရီ ၂၂ ရက်က စတင်တည်ထောင်ခဲ့သည်။

မွေးကင်းစမှ တက္ကသိုလ်ဝင်တန်းအရွယ်အထိ များပြားလှသော ကျောင်းသားကျောင်းသူ ကလေးများကို အဆိုပါ ကျောင်းဝင်းအတွင်း တွေ့မြင်ရပေသည်။ ချစ်စဖွယ်ကလေးငယ်များအား စိတ်ဓာတ်ခွန်အားသစ်များ တိုးပွားစေရန် မြို့တော်ရန်ကုန်ရှိ ပရဟိတအသင်းဝင် အနုပညာရှင်တို့က ဤသို့စီစဉ်လေသည်။

စိတ်ချမ်းသာအောင် လုပ်ပေး

“ဒီမှာက မိဘမဲ့ကလေး ၆၀ဝ ကျော်ကို တွေ့တဲ့အခါ ကျွန်တော်လည်း စိတ်မကောင်းဘူး။ အဲဒီလိုနဲ့ ကလေးတွေကို တစ်ခုခုတော့ စိတ်ချမ်းသာအောင် လုပ်ပေးမယ်ဆိုပြီးတော့ ကျွန်တော် ကိုယ်တိုင်လည်း အဆိုတော်၊ အဖြူရောင်နှလုံးသား ပရဟိတအသင်းမှာလည်း အနုပညာသမားတွေပါတော့ ဒီပွဲလေးကို လုပ်ဖြစ်တာပါ”  ဟု အဖြူရောင် နှလုံးသား ပရဟိတအသင်းဥက္ကဋ္ဌ အဆိုတော် ထူးအောင်ရှိုင်းက ပြောသည်။

ဤသို့ဖြင့် ကမ္ဘာ့အလုပ်သမားနေ့ဖြစ်သော မေလ ၁ ရက်နေ့တွင် ရန်ကုန်မြို့ အခြေစိုက်ပရဟိတ အသင်းများဖြစ်သော အဖြူရောင်နှလုံးသားပရဟိတ အသင်း၊ မိဘရိပ်ပရဟိတ လူငယ်များအသင်း၊ ရွှေအိုရောင်တက္ကသိုလ် ကျောင်းသားဟောင်းများအသင်းနှင့် ပဲခူးမြို့ အခြေစိုက် အပြာရောင်လက်များ လူမှုကူညီရေးအသင်းတို့သည် စုပေါင်းသွားရောက်ကာ ဖျော်ဖြေမှုများ ပြုလုပ်ခဲ့ကြသည်။

 

mdn

 

ဖျော်ဖြေတင်ဆက်

ဖျော်ဖြေရေးအစီအစဉ်များကို နေ့လယ်ပိုင်းနှင့် ညပိုင်းဟူ၍ နှစ်ပိုင်းခွဲကာ သီဆိုဖျော်ဖြေခဲ့ကြသည်။ သရုပ်ဆောင်ကျော်စိုး၊ ဇော်ဇော်အောင်၊ စောမိုးဇက်၊ နဒီဝင့်နိုင်၊ ဆုမြတ်ရွှေစင်၊ ငြိမ်းသန့်ချိုသာ စသော အနုပညာရှင် ၂၀ ကျော်တို့အပြင် မန္တလေး အနုပညာကျောင်းဆင်း တစ်ဦးဖြစ်သည့် ဝိုင်းကြာဖြူက မျက်လှည့်ဖြင့် လည်းကောင်း၊ လူရွှင်တော်များဖြစ်သည့် ဖြိုးကျော်နှင့် ပေါက်ကျော်တို့က ဟာသပြက်လုံးများဖြင့် လည်းကောင်း မိဘမဲ့ကလေးငယ်များအား စိတ်ပျော်ရွှင်မှု ရစေရေးအတွက် ဖျော်ဖြေတင်ဆက်ခဲ့ကြသည်။

ကျောင်း စတင်တည်ထောင်ဖြစ်ပုံနှင့် ပတ်သက်၍ ဦးစီးဆရာတော်တစ်ပါးဖြစ်သည့် ဆရာတော်ဦးဥတ္တမက “အဲဒီတုန်းက ဘုန်းဘုန်းက နိုင်ငံခြားကို ပညာတော်သင်သွားမလို့ပါ။ အဲဒီအတွက် ရန်ကုန်မှာထောက်ခံစာတွေ ဘာတွေ လုပ်တဲ့အခါကျတော့ ထောက်ခံစာ လုပ်တဲ့နေရာမှာ စွန့်ပစ်ကလေး၊ အဲဒီမိဘမဲ့ကလေးက ထောက်ခံစာလုပ်တဲ့ဆီ ရောက်လာတာပါ။ အဲဒီနေရာကို ကလေးရောက်လာတဲ့အခါကျတော့ ဘုန်းဘုန်းကရုံးကို မေးတာပေါ့။ ဒီလိုစွန့်ပစ်တဲ့ကလေးတွေ တစ်နှစ် တစ်နှစ်ကို ဘယ်လောက်များလဲလို့ မေးတဲ့အခါကျ တော့ တစ်လတစ်လကို စွန့်ပစ်တဲ့ကလေးက မနည်းဘူးတဲ့။ အဲဒီအခါကျတော့ ဘုန်းဘုန်းတို့က ဒီမြန်မာပြည်မှာ စွန့်ပစ်တဲ့ကလေးတွေ တော်တော်များပါလားဆိုပြီး နိုင်ငံခြားကို ပညာတော်သင် မသွားတော့ဘဲနဲ့ ဒီကိစ္စလေးကို အကောင်အထည် ဖော်ဖြစ်သွားတာပါ။ စပြီး ထူထောင်တဲ့ ဆရာတော် ကတော့ မန္တလေးမှာပါ” ဟု မိန့်ကြားခဲ့သည်။

မိဘမဲ့ကလေးနှင့် ပညာရေးချို့တဲ့ ကလေးများသာ လက်ခံ

အဆိုပါကျောင်းတွင် နို့စို့ကလေးငယ် ၈၇ ဦးရှိပြီး နို့လွတ်ကလေး အပါအဝင် စုစုပေါင်း ၁၁၀ ရှိကာ နို့စို့ကလေးငယ်များအတွက် တစ်ရက်လျှင် လက်ထရိုဂျင် နို့မှုန့်အမျိုးအစား ဘူး ၂၀ ကုန်ကျသည်။ ကျောင်းနေအရွယ် ကလေးငယ်များအတွက် တစ်ရက်လျှင် ဆန် ၁၂ အိတ်၊ အသား ပိဿာအချိန် ၄၀ ဝယ်ယူရပြီး အသားတစ်ခွက်၊ အရန်ဟင်း နှစ်မျိုးဖြင့် ကျွေးမွေးပြုစုထားကာ အသက် ၁၂ အောက် ကလေးငယ် ၃၇၀ ကျော်ခန့်ရှိပြီး ကျောင်းနေအရွယ်ကလေးငယ် စုစုပေါင်း ၆၂၀ ဦး ရှိသည်။ မိဘမဲ့ကလေးနှင့် ပညာရေးချို့တဲ့ ကလေးများသာ လက်ခံပြီး မိဘမဲ့ကလေးဦးရေ ၃၇၀ ရှိကာ ဝန်ထမ်းအင်အားနှင့် ကလေးဦးရေ စုစုပေါင်း ၇၀ဝ နီးပါးရှိကြောင်း သိရသည်။

အနီးအနား ပတ်ဝန်းကျင်ကျေးရွာများနှင့် အလှမ်းဝေးသောကြောင့် အလှူရှင်ကိုသာအားကိုး အားထားပြုပြီး ရပ်တည်နေရသော ကျောင်းကလေး ဖြစ်သည်။ လျှပ်စစ်မီးသွယ်တန်းခွင့် ရရှိထားသော်လည်း ကိုယ့်အားကိုယ်ကိုးစနစ်ဖြင့် သွယ်တန်းရမည် ဖြစ်သောကြောင့် ကုန်ကျစရိတ် မှာ သိန်းနှစ်ထောင်နီးပါး ကုန်ကျမည် ဖြစ်သည်။ လက်ရှိအချိန်တွင် သဘာဝနေရောင်ခြည်စွမ်းအင် နှင့် မီးစက်ကိုသာ အသုံးပြုနေရသည်။

သံဃာဆောင်၊ ယောက်ျားလေးအိပ်ဆောင်များ၊ မိန်းကလေးအိပ်ဆောင်များ၊ စာသင်ခန်းများ၊ စားဖိုဆောင်များနှင့်  ဆောက်လုပ်ဆဲ အဆောက်အအုံများက မြေ ၂၅ ဧကရှိသော ကျောင်းပိုင်မြေထဲတွင် စီရရီရှိနေသည်။ ပရဟိတအသင်းဝင် အနုပညာရှင် ညီအစ်ကို မောင်နှမများက ကျောင်းအတွင်း လိုက်လံကြည့်ရှုစဉ် မိဘမေတ္တာချို့တဲ့ နေရှာသော ကလေးငယ်များက လက်ကလေးများ မြှောက်ကာချီပါယူပါတစာစာ အော်ဟစ်နေရှာသည်။

 

mdn

 

အနုပညာကြေး အလှူအဖြစ်လှူဒါန်းကြ

ကလေးငယ်များအိပ်ရန် တစ်နေ့တာဖျော်ဖြေရေး အစီအစဉ်များ အဆုံးသတ်ချိန်တွင် အချို့သော အနုပညာရှင်တို့က မိမိတို့ရရှိသော အနုပညာကြေးကို အလှူအဖြစ် လှူဒါန်းကြသည်။ ကလေးငယ်များ၊ ကျောင်းရှိ ဆရာ ဆရာမလေးများကို နှုတ်ဆက်ကြသည်။ စည်းကမ်းအဖြစ် သတ်မှတ်ထား၍ အိပ်ဆောင်သို့ ခြေလှမ်းပြင်နေကြသော ကလေးငယ်များက ခေါင်းကလေးများလှည့်ကာ ရန်ကုန်ပြန်ရန် ပြင်ဆင်နေသော အနုပညာအဖွဲ့များကို နှုတ်ဆက် လက်ပြနေကြသည်။

ရန်ကုန်အနုပညာ ပရဟိတအဖွဲ့သားများကို တင်ဆောင်လာသော ကားကလေးမှာ ၈၉ မိုင် ၅ ဖာလုံမှအပြန်တွင် ည ၁၁ နာရီအချိန်ကို ကျော်လွန်ပြီ ဖြစ်သည်။ တစ်နေ့တာပတ်လုံး ကိုယ်စိတ် နှစ်ပါးလုံးအသုံးချကာ အားပါးတရဖျော်ဖြေခဲ့ကြသည့်အတွက် အိမ်အပြန်လမ်း ကားပေါ်တွင် တိတ်ဆိတ်ငြိမ်သက်နေသည်။ ထိုသို့ ငြိမ်သက်နေသော်လည်း အားလုံးကိုယ်စီ၏ စိတ်ထဲမှာတော့ အတွေးများက အမျိုးမျိုးရှိနေမည်ဖြစ်ပေသည်။

မြန်မာ့အလင်း

 

mdn