ရန်ကုန် ၁၀ ဖေဖော်ဝါရီ
ရန်ကုန်တောင်ပိုင်းခရိုင်၊ သန်လျင်မြို့နယ်၊ ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ် ကြက်ခြေနီအသင်းခွဲမှ ကြီးမှူး ဖွင့်လှစ်သော ၂၀၁၉-၂၀၂၀ ပညာသင်နှစ် တက္ကသိုလ်ကျောင်းသား၊ ကျောင်းသူများ ရှေးဦးပြုစုခြင်း အခြေခံနှင့်သာမန် အမှတ်စဉ် (၁/၂၀၂၀) သင်တန်းဖွင့်ပွဲကို ယနေ့ နံနက် ၉ နာရီခွဲက အဆိုပါ တက္ကသိုလ်၌ ကျင်းပသည်။

သင်တန်းဖွင့်ပွဲတွင် ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ် ဒုတိယပါမောက္ခချုပ် ဒေါက်တာ နီလာအောင်က အဖွင့်အမှာစကား ပြောကြားပြီး ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ် ကြက်ခြေနီအသင်းခွဲဥက္ကဋ္ဌ သတ္တဗေဒ ဌာန ပါမောက္ခဌာနမှူး ဒေါက်တာ သက်သက်မြိုင်က သင်တန်းဖွင့်လှစ်ရခြင်းကို ရှင်းလင်းပြောကြားကာ မြန်မာနိုင်ငံ ကြက်ခြေနီအသင်း အချိန်ပြည့်အမှုဆောင် ပါမောက္ခ ဒေါက်တာ ဒေါ်မြသူက မြန်မာနိုင်ငံ ကြက်ခြေနီအသင်း၏ လုပ်ငန်းစဉ်များအား ရှင်းလင်းပြောကြားခဲ့သည်။

အဆိုပါ ရှေးဦးပြုစုခြင်း အခြေခံ/သာမာန် သင်တန်းသို့ သင်တန်းသား၊ သင်တန်းသူ ၁၅၈ ဦး တက်ရောက်လျက်ရှိပြီး ဖေဖော်ဝါရီ ၁၀ ရက်မှ ၁၄ ရက်နေ့အထိ ကြက်ခြေနီ ရှေးဦးပြုစုခြင်း အခြေခံ/ သာမာန် ဘာသာရပ်များကို စာတွေ့လက်တွေ့ သင်ကြားပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။
သက်ခိုင် (သန်လျင်)
