၂၃ နိုဝင်ဘာ
ပြန်ကြားရေးဝန်ကြီးဌာန၊ ရန်ကုန်အရှေ့ပိုင်းခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အခြေခံပညာဦးစီးဌာနနှင့် ခရိုင်စီမံခန့်ခွဲမှုကော်မတီတို့ ပူးပေါင်းစီစဉ်ကျင်းပသော "ကလေးစာပေပွဲတော်"ကို ရန်ကုန်တိုင်းဒေသကြီး သင်္ဃန်းကျွန်းမြို့နယ် အမှတ်(၂) အခြေခံပညာ အထက်တန်းကျောင်းတွင် ယနေ့ နံနက် ၉ နာရီက ကျင်းပသည်။
ကလေးစာပေပွဲတော်ကို ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှ စိုက်ပျိုးရေး၊ မွေးမြူရေး၊ သစ်တောနှင့် စွမ်းအင်ဝန်ကြီး ဦးဟန်ထွန်းနှင့် တာဝန်ရှိသူများက ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးပြီး အစီအစဉ် ဒုတိယပိုင်းအား အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်း "သပြေညို" ခန်းမတွင် ဆက်လက်ကျင်းပခဲ့သည်။
ကလေးစာပေပွဲတော် ကျင်းပရေးတွင် ပါဝင်ဆောင်ရွက်ခဲ့သည့် အမှတ်(၂) အခြေခံပညာအထက်တန်း ကျောင်းအုပ်ဆရာမကြီး ဒေါ်တင်တင်ထွေးက ပွဲတော်နှင့်ပတ်သက်၍ "အရှေ့ပိုင်းခရိုင် စာပေပွဲတော်ကို ကျွန်မတို့ကျောင်းမှာကျင်းပတော့ အလွန်ဂုဏ်ယူ ဝမ်းမြောက်မိတာပေါ့။ ကလေးတွေလည်း ကျောင်းစာတွင်မက အထွေထွေဗဟုသုတတွေ ပြည့်စုံစေချင်တယ်။ ဉာဏ်ရည်ထက်မြက်ပြီး ဘက်စုံတော်တဲ့ ကျောင်းသားကျောင်းသူတွေ များများပေါ်ထွန်းစေချင်တာလေ။ ကျောင်းစာတွေအပြင် လိမ္မာယဉ်ကျေးသူတွေ ဖြစ်စေချင်တာ၊ အခုလို ပြန်/ဆက် ပညာရေးဌာနနဲ့ ခရိုင်စီမံခန့်ခွဲရေးကော်မတီက စီစဉ်ကျင်းပပေးတဲ့အတွက် ကလေးတွေအတွက် ဘက်စုံဖွံ့ဖြိုးရေး အထောက်အပံ့တွေ ရစေတာအမှန်ပါပဲ။ နိုင်ငံတော်အစိုးရ၊ ပြန်ကြားရေးဝန်ကြီးဌာနနဲ့ ပညာရေးဝန်ကြီးဌာနတို့ကို အထူးကျေးဇူးတင်ပါတယ်”ဟု ပြောသည်။
မြို့နယ်မှ ထူးချွန်လူရည်ချွန်ဆုရခဲ့သည့် ကျောင်းသားမိဘတစ်ဦးဖြစ်သော ဒေါ်ခေမာရွှေကလည်း “ကျွန်မတို့ ကျောင်းသားမိဘတိုင်းက သားသမီးတွေကို ပညာရေးရော ကျန်းမာရေးရော ဗဟုသုတရော လိမ္မာယဉ်ကျေးမှုရော ပြည့်စုံစေချင်ကြတာပေါ့နော်။ သို့ပေမယ့် ကလေးတွေအတွက် ဖြည့်ဆည်းမှုမှာ အနည်းနဲ့အများ အားနည်းချက်တော့ရှိကြတာပေါ့။ အခုလို သက်ဆိုင်ရာဌာနတွေက ပူးပေါင်းဆောင်ရွက်ပေးတော့ အတိုင်းမသိ ကျေးဇူးတင်ပါတယ်။ ကလေးတွေပျော်ရွှင်သလို ကျွန်မတို့ ကျောင်းသားမိဘတွေလည်း ပျော်ရွှင်ပါတယ်၊ သူတို့လိုချင်တဲ့ စာပေတွေကိုလည်း ဈေးသက်သာစွာနဲ့ တစ်နေရာတည်းမှာ ဝယ်ပေးရတော့ အမှန်ကိုကျေနပ်မိပါတယ်”ဟု ပြောသည်။
သုံးထပ်ကွမ်း လူရည်ချွန် မောင်ကောင်းခန့်ကျော်က “ကလေးစာပေပွဲတော်ကတော့ ကျွန်တော့အနေနဲ့ ပထမဆုံးတွေ့ကြုံရတာပါ။ ကျွန်တော်လည်း ဘက်စုံတော်ဖို့ ကြိုးစားခဲ့ရပါတယ်။ ကျောင်းပညာရေး ကျန်းမာရေးနဲ့ အထွေထွေဗဟုသုတအတွက် ကြိုးစားခဲ့ရတာပါ။ ယခုလို လူကြီးတွေက အမျော်အမြင်ကြီးစွာ ပံ့ပိုးအကောင်အထည်ဖေါ် ဆောင်ရွက်ပေးတဲ့အတွက် လူတော်လူချွန် လူတော်အများကြီး ပေါ်ထွန်းလာလိမ့်မယ်လို့ ယုံကြည်ပါတယ်”ဟု ပြောသည်။
ရန်ကုန်အရှေ့ပိုင်းခရိုင် "ကလေးစာပေပွဲတော်" တွင် ခရိုင်အတွင်းရှိ အခြေခံပညာကျောင်းများမှ ဆရာဆရာမများက ကလေးများအတွက် ကျောင်းသုံးပစ္စည်းများ အစားအစာများ ဉာဏ်စမ်းစာအုပ်များကို ဈေးနှုန်းချိုသာစွာ ရောင်းချပေးသကဲ့သို့ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကလေးများ အရုပ်ဆက်ကစားခြင်း၊ စကားပုံဆက်ကစားခြင်း၊ အဆောက်အဦ၊ သင်္ဘော စသည့် ကတ်ထူအရုပ်များ ပြုလုပ်ခြင်း၊ ခုံဖိနပ်စီးပြိုင်ပွဲ၊ မုန့်စားပြိုင်ပွဲ၊ ကဗျာရွတ်ပြိုင်ပွဲ၊ ကျပန်းစကားပြောပြိုင်ပွဲ၊ ပုံပြင်ပြောပြိုင်ပွဲများနှင့် ဂိမ်းကစားခြင်းများကို စီစဉ်ဆောင်ရွက်ပေးထားပြီး သပြေညိုခန်းမတွင် တေးသရုပ်ဖေါ်များ အကပဒေသာများဖြင့် ဖြေဖျော်ပေးသည့်အတွက် ကျောင်းသားကျောင်းသူ ကလေးများ တိုးမပေါက်အောင် စည်ကားများပြား ပျော်ရွှင်လျက်ရှိသည်ကို တွေ့မြင်ရသည်။
ရန်ကုန်အရှေ့ပိုင်းခရိုင် "ကလေးစာပေပွဲတော်"ကို နိုဝင်ဘာ(၂၃) (၂၄) နှစ်ရက်ကျင်းပမည်ဖြစ်ကြောင်း သိရှိရသည်။
သတင်း-ကိုကြီးစိုး(ဆိပ်ကမ်း)





